
ပြည်တွင်းကြက်သွန်နီဈေးကွက်တွင် စက်တင်ဘာလကုန်ပိုင်းမှစတင်ကာ ဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာပြီး လက်လီဈေးကွက်အချို့၌ ကြက်သွန်နီတစ်ပိဿာလျှင် ကျပ် ၁၀၀၀၀ အထိ ရောက်ရှိလာကြောင်း ဈေးကွက်သတင်းများအရ သိရသည်။ စက်တင်ဘာ ၂၃ ရက်နေ့တွင် ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်၌ ဆိပ်ဖြူကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၆၀၀၀ မှ ၇၇၀၀၊ မုံရွာကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၆၃၀၀ မှ ၇၇၀၀ နှင့် မင်းဘူးကြက်သွန်နီတစ်ပိဿာလျှင် ကျပ် ၆၁၀၀ မှ ၇၈၀၀ အထိ ဈေးပေါက်ခဲ့ပြီး ယခင်နေ့ထက် ကျပ် ၃၀၀ မှ ၅၀၀ ခန့်မြင့်တက်ခဲ့ကြောင်း ဈေးကွက်သတင်းတွင် ဖော်ပြထားသည်။
ထို့အပြင် မြင်းခြံကုန်စည်ဒိုင်သို့ ကြက်သွန်နီပိဿာချိန် ၂၄၀၀၀ ခန့် ဝင်ရောက်ခဲ့ပြီး တစ်ပိဿာလျှင် ကျပ် ၆၀၀၀ မှ ၇၄၀၀ ထိ ဈေးပေါက်ခဲ့ကြောင်း သိရသည်။ ပခုက္ကူကုန်စည်ဒိုင်တွင်မူ တစ်ပိဿာလျှင် ၇၀၀၀ မှ ၈၀၀၀ အထိ ဈေးပေါက်ခဲ့ပြီး ဝင်ရောက်မှုမှာ ပိဿာချိန် ၈၀၀၀ ခန့်သာ ရှိခဲ့သည်။ ပခုက္ကူကြက်သွန်နီဈေးကွက်အနေဖြင့် စက်တင်ဘာလ စတုတ္ထပတ်တွင် အလုံးကြီးထိပ်စ တစ်ပိဿာလျှင် ကျပ် ၆၃၀၀၊ အလတ်စ ကျပ် ၅၈၀၀နှင့် အနိမ့်စ ကျပ် ၅၀၀၀ ခန့်ရှိခဲ့ပြီး ယခင်ကာလ နှင့် နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ကျပ် ၈၀၀ ခန့် မြင့်တက်ခဲ့ကြောင်း သိရသည်။
လက်ရှိ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ ဈေးကွက်အတွင်း ကြက်သွန်နီဝင်ရောက်မှု လျော့နည်း လာခြင်း၊ လက်ကျန်ကုန်ပစ္စည်းများ နည်းပါးလာခြင်းနှင့် ဝယ်လိုအား ဆက်လက်ရှိနေခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း ဈေးကွက်သတင်းများတွင်ဖော်ပြထားသည်။ အထူးသဖြင့် မိုးကြက်သွန်နီအသစ်များ ဈေးကွက်အတွင်း အပြည့်အဝမရောက်မီကာလဖြစ်သဖြင့် ဈေးနှုန်းအပေါ် သက်ရောက်မှုရှိနေသည်။ အောက်တိုဘာ ၁ ရက်နေ့ ဈေးကွက်သတင်းအရလည်း ကြက်သွန်နီဈေးနှုန်းများ ဆက်တိုက် မြင့်တက်နေပြီး လက်လီဈေးကွက်တွင် တစ်ပိဿာလျှင် ကျပ် ၁၀,၀၀၀ နီးပါးအထိ ရှိလာကြောင်း သိရသည်။ ထို့ကြောင့် လက်ရှိကာလတွင် ကြက်သွန်နီစိုက်တောင်သူများအနေဖြင့် ဈေးကွက်အခြေ အနေကို စောင့်ကြည့်၍ အရည်အသွေး၊ သိုလှောင်နိုင်မှုနှင့် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များကို ထည့်သွင်းတွက်ချက်ပြီး ရောင်းချရန်လိုအပ်သကဲ့သို့ စားသုံးသူများအနေဖြင့်လည်း လက်လီဈေးနှုန်း အပြောင်းအလဲများကို သတိပြုဝယ်ယူသင့်ကြောင်း ဈေးကွက်လေ့လာသူများက အကြံပြုထားသည်။
DOCA(မန္တလေး)
