Main menu

“မိတ္ထီလာခရိုင်အတွင်းရှိ ဆေးဝါးအရောင်းဆိုင် လုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း”

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသည် (၂၀-၁၂-၂၀၂၂) ရက်နေ့ နေ့လယ် (၁၄:၀၀) အချိန်တွင် ခရိုင်ဦးစီးမှူး ရုံးခန်းအတွင် မိတ္ထီလာမြို့ ပေါ်ရှိ ဆေးဝါးရောင်းချနေသော လုပ်ငန်းရှင်များအားတွေ့ဆုံ၍ စားသုံးသူအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါတွေ့ဆုံမှုတွင် စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ (၁၅) ရက်နေ့တွင် အခန်း (၂၅) ခန်း၊ ပုဒ်မ (၈၄) ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေးနည်းဥပဒေကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြေငြာစာအမှတ် (၉/၂၀၂၂)ဖြင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် ပြဌာန်းပြီးဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် တာဝန်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ဥပဒေတွင်ပါရှိသည့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်း၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့် စစ်ဆေးရေးအရာရှိ၏လုပ်ငန်းတာဝန် များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ၎င်းအပြင် စျေးကွက်အတွင်း ဆေးဝါးများကို ရောင်းချ ရာတွင် စားသုံးသူများနစ်နာဆုံးရှုံးစေမည့် ရက်လွန်ဆေးဝါးများ မရောင်းချစေရေး၊ ဆေးဝါးများကို ထိန်းသိမ်းသိုလှောင်ရာတွင် သတ်မှတ်ချက်၊ ညွှန်ကြားချက်တို့နဲ့အညီ ဆေးဝါးအလိုက်ထားရှိရမည့် အပူချိန်တွင် ထားရှိသိုလှောင်ရောင်းချစေရေး၊ မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင်မပါရှိသည့် ဆေးဝါးမှတ်ပုံတင်မပါရှိသည့် ဆေးဝါးများကို မရောင်းချစေရေးစသည့် အချက်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ စားသုံးသူကာကွယ် ရေးဥပဒေပါ တားမြစ်ချက်များကို ဖောက်ဖျက်ပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူခံရ ဖြစ်ကြောင်းနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အမိန့်ကြေငြာစာအမှတ် (၂၁/၂၀၂၀)အရ ဆေးဝါးများကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်လိုက်သဖြင့် ဆေးဝါးအရောင်း ဆိုင်များအနေဖြင့် ကုန်စည်များကို စျေးကွက်အတွင်း စျေးနှုန်းမြင့်တင်ရောင်းချခြင်း၊ စျေးနှုန်းမြှင့်တင် ဖြန့်ဖြူးခြင်း (သို့မဟုတ်) စျေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ ဆောင်ရွက်နေသည်ကို စိစစ်‌တွေ့ရှိရပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ (၅) အရ အရေးယူခံရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ခရိုင်ဦးစီးမှူးမှ လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် စျေးကွက်ပိုမို ရရှိလာနိုင်ပြီး၊ စားသုံးသူများမှလည်း လုံခြုံစိတ်ချရသော ကုန်စည်များကို ရွေးချယ်ဝယ်ယူသုံးစွဲလာနိုင်၍ နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူးများ ရရှိလာနိုင်မည်ဖြစ်ကြောင်း သိလိုသည်များ၊ အခက်အခဲများကို ရင်းနှီးပွင့်လင်းစွာ တင်ပြစေလိုကြောင်း ဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို သိရှိလိုပါက www.doca.gov.mm Websit တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း ဆွေးနွေးခဲ့ပါသည်။

DOCA(မန္တလေး)