Main menu

လိမ္မော်သီးစားသုံးခြင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများ

Powered by Drupal

လိမ္မော်သီးကို လွန်ခဲ့သောနှစ်ပေါင်များစွာမှစ၍ ယနေ့အထိ စိုက်ပျိုးစားသုံးခဲ့ကြပါသည်။ လိမ္မော်အချိုမျိုးကို ရုက္ခဗေဒအလိုအရ စစ်ထရပ်ဆီနင်ဆစ်ဟုခေါ်၍ အခါးမျိုးကို စထရပ်အော်ရန်တီယမ်ဟုခေါ်ပါသည်။ တောင်တရုတ်ပင်လယ်နှင့်အင်ဒိုချိုင်းနားတို့သည် လိမ္မော်သီး မူလစိုက်ပျိုးရာဒေသများဖြစ်သည်။ ဆောင်းဦးကာလသည် လိမ္မော်သီးလှိုင်လှိုင်ပေါသောကာလလည်းဖြစ်ပါသည်။ အခြားဒေသများတွင်လည်း အောက်တိုဘာလမှမတ်လအထိသည် လိမ္မော်သီးဖြစ်ထွန်းပေါများသော ကာလဖြစ်ပါသည်။ လိမ္မော်သီးသည် အရောင်တောက် တောက်ဖြစ်ပြီး ပူပြင်းသောဒေသသို့ရောက်သောအခါ အနီရောင်ဘက်သို့ ပြောင်းတတ်ပါသည်။ သိပ္ပံပညာရှင်များက အာရှတိုက်အရှေ့ပိုင်းတွင်တည်ရှိသော အိန္ဒိယနိုင်ငံ (သို့မဟုတ်) တရုတ်နိုင်ငံတောင်ပိုင်းတို့သည် လိမ္မော်ပင်၏မူလပေါက်ရောက်ရာအရပ်ဒေသ ဖြစ်သည်ဟုသိပ္ပံပညာရှင်များကဆိုကြသည်။ လိမ္မော်ပင်စိုက်ပျိုးရာ၌ အရေးအကြီးဆုံးအချက်မှာ ရာသီဥတုဖြစ်သည်။ လိမ္မော်ပင်တို့သည် အသက်ပြင်းသောအပင်မျိုးဖြစ်သဖြင့် ပူအိုက်သောရာသီဥတုရှိသည့် တိုင်းပြည်တို့၌သော်လည်းကောင်း၊ ချမ်းအေးသောရာသီဥတုရှိသည့် တိုင်း ပြည်နယ်ပယ်တို့၌လည်းကောင်း ပေါက်ရောက်နိုင်သည်။ သို့သော် ပူအိုက်သည့်တိုင်းပြည်တို့မှရရှိသော လိမ္မော်သီးတို့မှာ အနံ့၊ အရသာ၊ အသွေးအရောင်မှစ၍ အနည်းငယ်ချွတ်ယွင်းပျက်ပြယ်တတ်၍ ချမ်းအေးသောရာသီဥတုရှိသည့်တိုင်းပြည်တို့သည် လိမ္မော်ပင်စိုက်ပျိုးရန် အသင့်လျော်ဆုံးဖြစ်သည်။ လိမ္မော်ပင်တစ်ပင်မှ တစ်နှစ်လျှင် လိမ္မော်သီးအလုံးရေ ၄ဝဝ မှ ၆ဝဝ အထိသာလျှင်သီးနိုင်ပါသည်။ သို့သော်အမေရိကတိုက်၊ ဒိုမီနီကန်ကျွန်း၌ မူရာသီဥတုနှင့်တကွ မြေဩဇာသည် လိမ္မော်ပင်နှင့်အထူးသင့်လျော်သော ကျွန်းဖြစ်သောကြောင့် သာမန်လိမ္မော်ပင်တစ်ပင်လျှင် လိမ္မော်သီးအလုံး ၈ဝဝဝ လုံးခန့်ကိုရရှိနိုင်သည်။ အရှေ့တောင်အာရှဒေသတွင်မူ လိမ္မော်ပင်တစ်ပင်မှ တစ်နှစ်လျှင် အသီး ၄ဝဝလုံးမျှရလျှင် တော်သင့်ပြီဟုမှတ်ယူရသည်။ မြန်မာနိုင်ငံတွင် မန္တလေးတိုင်း၊ ပြင်ဦးလွင်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်နှင့်ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် ရပ်စောက်၊ ရွာငံ၊ ပင်လောင်း၊ ကလောမြို့နယ် ပလောင်တောင်ကျေးရွာနှင့် ကျောက်တလုံးကြီးမြို့ ထီခေါင်းကျေးရွာ စသည်တို့တွင် လိမ္မော်ပင်များစိုက်ပျိုးကြပါသည်။ လိမ္မော်သီးအထွက်ကောင်းမွန်ရန်အတွက် သီးနှံကြီးထွားစဉ်ကာလတစ်လျှောက်လုံးတွင် ကောင်းမွန်သောအပူချိန်ကို ထိန်းသိမ်းရန်လိုအပ်ပြီး အပူချိန်မလုံလောက်လျှင် အသီးမချိုခြင်း၊ တာရှည်အပူချိန်မလုံလောက်လျှင် အသီးရင့်မှည့်မှု ပုံမှန်မဖြစ်နိုင်ခြင်း၊ တာရှည်စွာအပူချိန်များနေလျှင်လည်း အသီးမသီးနိုင်ခြင်း၊ ပူပြင်းခြောက်သွေ့ သောရာသီတွင် အသီးများနေလောင်တတ်ခြင်းတို့ဖြစ်တတ်ပါသည်။ မြန်မာနိုင်ငံမှထွက်သောလိမ္မော်သီးများသည် အငယ်စားမျိုးဖြစ်ပြီး လိမ္မော်သီးနှင့်ကမ္ဗလာသီးဟူ၍ နှစ်မျိုးနှစ်စားရှိပါသည်။ လိမ္မော်သီးတွင် ဗီတာမင် C နှင့် ဓါတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်သောကြောင့် ခန္ဓာကိုယ်အတွက် များစွာအထောက်အကူပြုသော အစားအသောက်တစ်ခုဖြစ်ပါသည်။ လိမ္မော်သီးတွင်ကယ်လ်လိုရီပါဝင်မှုနည်းပြီး အာဟာရဓာတ်လည် းအပြည့်အဝပါဝင်ပြီး သဘာဝအချိုဓါတ်ရရှိစေနိုင်သည့် သစ်သီးတစ်မျိုးလည်းဖြစ်ပါသည်။ လိမ္မော်သီးတွင် phytoc-
hemicals များပါဝင်သောကြောင့် အရေပြားကင်ဆာ၊ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အစာအိမ်ကင်ဆာနဲ့ အူမကြီးကင်ဆာဝေဒနာများကိုကာကွယ်ပေးနိုင်ပါတယ်။ လိမ္မော်သီးတွင်ပါဝင်သောအမျှင်ဓါတ်သည် ပျော်ဝင်လွယ်သောအမျှင်ဓါတ်ဖြစ်သောကြောင့် သွေးတွင်းကိုလက်စထရောကျဆင်းအောင် အထောက်အကူပြုပေးနိုင်ပါသည်။ လိမ္မော်သီးတွင် carotenoid ဒြပ်ပေါင်း ကြွယ်ဝစွာပါဝင်သောကြောင့် အမြင်အာရုံထိခိုက်မှုမျိုးမဖြစ်စေရန်ကာကွယ်ပေးပါသည်။ လိမ္မော်သီးသည် ကျောက်ကပ်ရောဂါ ကိုလည်းကာကွယ်ပေးနိုင်ပါသည်။ လိမ္မော်သီးသည် ဆဲလ်များထိခိုက်ပျက်စီးခြင်းကို တားဆီးကာကွယ်ပေးနိုင်သော ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်သော beta-carotene ပါဝင်နေပါသည်။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကိုလည်း တားဆီးကာကွယ်ပေးပါသည်။ လိမ္မော်သီးတွင် ပါဝင်သည့် Choline သည် အိပ်ပျော်စေနိုင်ခြင်းနှင့်ကြွက်သားလှုပ်ရှားမှု၊ သင်ယူမှုနှင့်မှတ်ဉာဏ်စွမ်းရည်များကို ကောင်းမွန်စေပါသည်။ ထိုကြောင့် လိမ္မော်သီးကို ခန္ဓာကိုယ်အထောက်အကူပြု အာဟာရဖြစ်အသီးအနှံအဖြစ် မဖြစ်မနေပုံမှန်စားသုံးခြင်းဖြင့် ကျန်းမာရေးကို အထောက်အကူပြုနိုင်စေပါသည်။
DOCA(ကယား)