
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်း စိုက်ပျိုးရေးတောင်သူများသည် ဆောင်းသီးနှံရာသီအပြင် ရာသီမရွေးစိုက်ပျိုးနိုင်သည့် ဂေါ်ဖီထုပ်များအား တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရှိရပါသည်။ ဂေါ်ဖီထုပ်သည် ပျိုးထောင်စိုက်ပျိုးပြီး ရက်ပေါင်း ၆၀ မှ ၇၅ ရက်အကြာတွင် စတင်ဆွတ်ခူးရောင်းချနိုင်ပါသည်။ အထူးသဖြင့် အေးမြသည့်ဆောင်းရာသီတွင် အထွက်နှုန်းပိုမို ကောင်းမွန်သော်လည်း ရာသီမရွေးစိုက်ပျိုးနိုင်သည့် မျိုးစေ့များပေါ်ထွက်လာသဖြင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးထုတ်လုပ်လာနိုင်ပြီဖြစ်ပါသည်။ ထားဝယ်ဒေသမှထွက်ရှိသော ဂေါ်ဖီထုပ်များကို ထားဝယ်မြို့ရှိ စည်ပင်သာယာစျေး၊ ကမ်းနားပျံကျစျေးနှင့် ညနေစျေးများတွင် ရောင်းချလျက်ရှိပြီး အနီးပတ်ဝန်းကျင်မြို့ရွာများသို့လည်း ကုန်ကားများဖြင့် တင်ပို့ရောင်းချလျက်ရှိရာ ဒေသတွင်းထွက်ရှိမှုနည်းပါးသည့် ရာသီများတွင် ရှမ်းပြည်နယ်တို့မှ ဝင်ရောက်လာသည့် ဂေါ်ဖီထုပ်များအား စျေးကွက်အတွင်း ဖြန့်ဖြူးလျက်ရှိပါသည်။ ၂၀၂၆ ခုနစ်၊ အောက်တိုဘာလ ပထမပတ်တွင် ရောင်းချလျက်ရှိသော ဂေါ်ဖီထုပ်ဈေးနှုန်းမှာ အထုပ်ကြီး (၁) ထုပ်လျှင် (၅၀၀၀) ကျပ်ဖြင့် လည်းကောင်း၊ အထုပ်သေး (၁) ထုပ်လျှင် (၃၀၀၀-၄၀၀၀) ကျပ်ဖြင့် လည်းကောင်း ရောင်းချလျက်ရှိကြောင်း ဟင်းသီးဟင်းရွက် ရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)
