Main menu

လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၌ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများ အသိပညာပေးဟောပြော

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၌ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာသင်တန်းကို ဒီဇင်ဘာလ ၂၁ရက်နေ့မှ ၂၅ရက်နေ့ထိ ဖွင့်လှစ်ခဲ့ရာ သင်တန်းသား၊ သင်တန်းသူ (၂ဝ)ဦး တက်ရောက်ခဲ့ပြီး၊ အဆိုပါသင်တန်း၌ စားသုံးသူ‌ရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများကို ပါဝင်ဟောပြော ဆွေးနွေးခဲ့ပါသည်။

       စစ်ကိုင်းခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်က စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ အဆင့်ဆင့်ကိုပြောကြားပြီး၊  စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့က ပြဌာန်းခဲ့ပြီး၊ အခန်း(၂၅)ခန်းနှင့် ပုဒ်မ ၈၄ ခု ပါဝင်ပါကြောင်း၊ စားသုံးသူကာကွယ်ရေး နည်းဥပဒေ ကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့ ကပြဌာန်းခဲ့ပြီး ဖြစ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၉) ပုဒ်မ(၁၉)နှင့်ပုဒ်မ(၂၀)တွင် ပြဌာန်းထားသည့် စားသုံးသူအခွင့်အရေး (၈)ချက်နှင့် စားသုံးသူ၏ တာဝန်များကို ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပုဒ်မ(၄၁)တွင် စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြမည့် အချက်(၈) မှာ (က)ကုန်စည်၏ တံဆိပ်အမှတ်အသား၊ (ခ)ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေ အတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ (ဂ)ထုတ်လုပ် သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ (ဃ)ပြည်တွင်းသို့ တင်သွင်း လာသော ကုန်စည်ဖြစ်ပါက တင်သွင်းသူ၏ အမည်နှင့်လိပ်စာ၊ ထုတ်လုပ်သည့်လုပ်ငန်းအမည်နှင့် လိပ်စာ၊(င)ထုတ်လုပ်သည့်နေရာသို့မဟုတ်ပြည်ပမှကုန်စည်များတင်သွင်းပြီး ပြန်လည်ထုတ်ပိုးသည့် နေရာ၊ (စ)ကုန်စည်တွင်ပါဝင်သော ကုန်ကြမ်းပစ္စည်း အမျိုးအမည်များနှင့် ပစ္စည်းများ၏ ပမာဏ၊ ပါဝင်မှုအချိုးအစား၊ (ဆ)ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ (ဇ)သက်ဆိုင်ရာအစိုးရဌာနများက ဖော်ပြရန် သတ်မှတ်ထား သော အချက်အလက်များ ဖြစ်ကြောင်း၊ ပုဒ်မ(၄၃)အရ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ ၄၁၊ ပုဒ်မခွဲ(ခ)နှင့် ပုဒ်မခွဲ(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသား ဖော်ပြရမည်ဖြစ်ကြောင်း၊ ပုဒ်မ(၄၃)ပါ ပြဌာန်းချက်နှင့်ကိုက်ညီမှုမရှိသည့် ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း သို့မဟုတ် ရောင်းချခြင်းမပြုရန် ပုဒ်မ(၆၈)၌ ပြဌာန်းထားပြီး၊ ပုဒ်မ(၆၈)ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀၀ထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေသည် စားသုံးသူ များကို ကာကွယ်ပေးခြင်းနှင့် လုပ်ငန်းရှင်များကို ထိန်းကြောင်းပေးသည့် ဥပဒေ တစ်ခုဖြစ်ပါ ကြောင်း၊ ပြည်သူတိုင်းသည် စားသုံးသူများဖြစ်ပြီး စားသုံးသူတိုင်းမှာ စားသုံးသူအခွင့် အရေးများရှိ ကြောင်း၊ စားသုံးသူအခွင့်ရေး နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက  မိမိတို့ဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ Website ၊ Gmail တို့ဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း ရှင်းလင်းပြောကြားပြီး တိုင်ကြားရန်လိပ်စာများပါသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)