
ပြည်တွင်း၌ ရနံ့မွှေးဆန် (Aromatic Rice) ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အစိုးရက ယခင်ခွင့်ပြုထားသည့် ပို့ကုန်လုပ်ငန်းရှင် ၂၇၈ ဦး၏ ရနံ့မွှေးဆန် တင်ပို့ခွင့်ပမာဏကို တစ်ဝက် (၅၀ ရာခိုင်နှုန်း) လျှော့ချလိုက်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာတွင် ပို့ကုန်လုပ်ငန်းရှင် တစ်ဦးစီ အတွက် ယခင်ခွင့်ပြုထားသည့် ပမာဏ၏ ၅၀ ရာခိုင်နှုန်းကို ဖြတ်တောက်လိုက်သဖြင့် မည်သည့် ပို့ကုန်လုပ်ငန်းရှင်မျှ ယခင်ခွင့်ပြုထားသည့် ပမာဏ၏ တစ်ဝက်ထက် ပိုမိုတင်ပို့ခွင့် ရရှိမည် မဟုတ်ပေ။
ထို့အပြင် ဝန်ကြီးဌာနသည် FOB အနည်းဆုံးဈေးနှုန်းကိုလည်း တစ်ကီလိုဂရမ်လျှင် ၁.၆၀ ဒေါ်လာသို့ လျှော့ချခဲ့သည်။ အမိန့်ကြော်ငြာစာအရ ပြင်ဆင်လိုက်သည့် ခွင့်ပြုပမာဏများသည် ထုတ်ပြန်သည့်နေ့မှစ၍ သက်ရောက်မှုရှိပြီး ဒီဇင်ဘာ ၃၁ ရက်အထိ အတည်ဖြစ်မည်ဖြစ်သည်။
အစိုးရသည် အဆင့်နှစ်ဆင့်ဖြင့် ကုမ္ပဏီ ၂၇၈ ခုအတွက် ရနံ့မွှေးဆန် တန်ချိန် ၄၅,၂၇၀ တင်ပို့ရန် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ သို့သော် ဩဂုတ် ၃၀ ရက်အထိ ပို့ကုန်လုပ်ငန်းရှင် ၁၂၉ ဦးက တန်ချိန် ၂,၄၁၉ (ခွင့်ပြုထားသည့် ပမာဏ၏ ၅.၃ ရာခိုင်နှုန်းခန့်) သာ တင်ပို့နိုင်ခဲ့သည်။ ထို့ကြောင့် ဩဂုတ် ၃၀ ရက်အထိ ခွင့်ပြုထားသည့် ပမာဏအနက် တန်ချိန် ၄၂,၉၀၀ နီးပါး တင်ပို့ရန် ကျန်ရှိ နေသေးသည်။ ပြည်တွင်း၌ ရနံ့မွှေးဆန် ဈေးနှုန်းများ အလျင်အမြန် မြင့်တက်လာချိန်တွင် ယခု ကဲ့သို့ ကန့်သတ်ပမာဏ (Quota) လျှော့ချမှု ထွက်ပေါ်လာခြင်းဖြစ်သည်။
ပြည်တွင်းဈေးနှုန်းများ မြင့်တက်လာသဖြင့် ဝန်ကြီးဌာနသည် ပို့ကုန်ခွင့်ပြုချက်များကို ပြန်လည်သုံးသပ်နေပြီး အသုံးမပြုရသေးသည့် ပမာဏများကို စိစစ်နိုင်ရန် အမှန်တကယ် တင်ပို့ခဲ့ သည့် အသေးစိတ် အချက်အလက်များကို တောင်းခံခဲ့သည်။ ပြင်ဆင်လိုက်သည့် အစီအစဉ်အရ စောင့်ကြည့်စစ်ဆေးမှုများ အားကောင်းစေရန်နှင့် ပို့ကုန်ဝင်ငွေများ ပြန်လည်ဝင်ရောက်ရေး သေချာစေရန်အတွက် ဝန်ကြီးဌာနက သတ်မှတ်ချက် ၁၀ ချက်ကိုလည်း ထည့်သွင်းသတ်မှတ်ခဲ့ သည်။
ပို့ကုန်လုပ်ငန်းရှင်များသည် ၂၀၂၄-၂၇ ပို့ကုန်မူဝါဒကို လိုက်နာရမည်ဖြစ်ပြီး အကောက်ခွန် ဌာနအနေဖြင့် သင်္ဘောမထွက်မီ တင်ပို့သည့် ပစ္စည်း၏ အရည်အသွေးနှင့် မှန်ကန်မှုကို စစ်ဆေး ရမည်ဖြစ်သည်။ ပို့ကုန်စာရွက်စာတမ်းများကို ကုန်ပစ္စည်းတင်ပို့ပြီးတိုင်း ဝန်ကြီးဌာန၏ Export-2 ဌာနခွဲသို့ တင်ပြရမည်ဖြစ်သည်။ ခွင့်ပြုချက် အသစ်တောင်းခံသည့် ကုမ္ပဏီများသည် ယခင် ခွင့်ပြုချက်များမှ အမှန်တကယ် တင်ပို့ခဲ့သည့် အထောက်အထားများ ပြသရမည်ဖြစ်သည်။ ယင်း ခွင့်ပြုချက်များကို လွှဲပြောင်းခွင့်မရှိဘဲ တင်ပို့မှုကို အခြားကုမ္ပဏီတစ်ခုထံ အပ်နှံဆောင်ရွက်စေခြင်း သို့မဟုတ် မိမိအစား အခြားကုမ္ပဏီတစ်ခုကို အသုံးပြု၍ တင်ပို့ခြင်း ကိုလည်း ဆောင်ရွက်ခွင့်မရှိ ကြောင်း ထုတ်ပြန်ခဲ့သည်။ ပို့ကုန်လုပ်ငန်းရှင်များသည် ပို့ကုန်ဝင်ငွေများ ပြန်လည် ဝင်ရောက်ပြီး ကြောင်း သက်သေပြနိုင်ရန် ပို့ကုန်ဝင်ငွေရရှိမှု ဆက်လက် အတည်ပြုလက်မှတ်ကိုလည်း တင်ပြရ မည်ဖြစ်သည်။
ပို့ကုန်ခွင့်ပြုပမာဏနှင့် အနည်းဆုံး FOB ဈေးနှုန်းကို တစ်ပြိုင်နက်တည်း လျှော့ချလိုက် ခြင်းသည် ပြည်ပသို့ တင်ပို့မည့် ရနံ့မွှေးဆန် ပမာဏကို ကန့်သတ်ရန်ဖြစ်သလို အခြားတစ်ဖက် တွင်လည်း ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပြည်ပသို့ တင်ပို့ရောင်းချသည့် ဆန်များအား ဈေးနှုန်း သတ်မှတ်ရာတွင် ပိုမို လိုက်လျောညီထွေမှုရှိစွာ ဆောင်ရွက်နိုင်ရန်ဖြစ်သည်။
ရနံ့မွှေးဆန် တင်ပို့မှုကို ရပ်ဆိုင်းရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ ပြည်တွင်း၌ လုံလောက်သော ရောင်းလိုအားနှင့် ဈေးနှုန်းတည်ငြိမ်မှုကို အာမခံနိုင်ရန်အတွက် ပို့ကုန်များကို ထိန်းချုပ်ထားသည့် ပမာဏအတွင်း၌သာ ထားရှိလိုခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ အချို့သော ပို့ကုန်လုပ်ငန်းရှင်များသည်လည်း ရနံ့မွှေးဆန်များကို တင်ပို့ရန်အတွက် သိုလှောင်ထားရှိခဲ့ကြ သဖြင့် ဈေးနှုန်းမြင့်တက်မှုကို ပိုမိုအားပေးခဲ့ကြောင်း Square Food & Beverage Ltd ၏ CEO ဖြစ်သူ Md Parvez Saiful Islam ကဆိုသည်။ ယခုထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်သည် ပြည်တွင်း ဈေးကွက်ရှိ ရနံ့မွှေးဆန် ဈေးနှုန်းများကို ထိန်းချုပ်ရန် အထောက်အကူပြုလိမ့်မည်ဟု မျှော်လင့် ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Source: The Daily Star, September 9, 2026 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
