Main menu

အင်ဒိုနီးရှားနှင့် မလေးရှားတို့၏ စားအုန်းဆီထုတ်လုပ်မှုအပေါ် အယ်နီညိုရာသီဥတုဖြစ်စဉ်က ခြိမ်းခြောက်လျက်ရှိပြီး ၎င်းကြောင့် စားအုန်းဆီကြမ်း ဈေးနှုန်းများ မြင့်တက်လာစေလျက်ရှိ

Powered by Drupal

     အချိန်ကြာမြင့်စွာ ဖြစ်ပေါ်နေသော မိုးခေါင်ရေရှားမှုနှင့် အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီ အချိုးအစား ၅၀ % ပါဝင်သည့် ဇီဝဒီဇယ်ဆီ (B50) မဖြစ်မနေအသုံးပြုရမည့် မူဝါဒတို့ကြောင့် ၂၀၂၇ ခုနှစ်တွင် စားအုန်းဆီထောက်ပံ့မှု လျော့နည်းလာနိုင်ပြီး စားအုန်းဆီကြမ်း (CPO) ဈေးနှုန်းများ မြင့်တက်လာဖွယ်ရှိကြောင်း Indonesia Business Post သတင်းဌာနက စက်တင်ဘာလ ၂၈ ရက် နေ့တွင် ဖော်ပြထားသည်။

     ကမ္ဘာ့အများဆုံး စားအုန်းဆီထုတ်လုပ်သည့် နိုင်ငံနှစ်ခုဖြစ်သော အင်ဒိုနီးရှားနှင့် မလေးရှား တို့တွင် အယ်လ်နီညို (El Niño)ရာသီဥတုဖြစ်စဉ်နှင့်ဆက်စပ်သည့် အချိန်ကြာမြင့်စွာ မိုးခေါင်မှုကြောင့် ထုတ်လုပ်မှုထိခိုက်နိုင်ခြေရှိသဖြင့် ၂၀၂၇ ခုနှစ်တွင် စားအုန်းဆီထုတ်လုပ်မှု ပမာဏသည် ၃ ရာခိုင်နှုန်း ခန့် ကျဆင်းလိမ့်မည်ဟု ခန့်မှန်းထားသည်။

    Bloomberg News ၏ သတင်းဖော်ပြချက်ပါ လေ့လာဆန်းစစ်သူများ၏ ခန့်မှန်းချက်များ အရ လာမည့်နှစ်တွင် အင်ဒိုနီးရှား၏ စားအုန်းဆီထုတ်လုပ်မှုသည် တန်ချိန် ၄၉ သန်းရှိလာမည် ဖြစ် ပြီး မလေးရှား၏ ထုတ်လုပ်မှုမှာ တန်ချိန် ၁၉.၅ သန်း ရှိမည်ဟု ခန့်မှန်းထားသည်။ ဤသို့ ထုတ်လုပ်မှု ကျဆင်းရခြင်းအပေါ် ၂၀၂၆ ခုနှစ် ဇူလိုင်လတွင် စတင်အသက်ဝင်ခဲ့သော အင်ဒိုနီးရှား၏ B50 ဇီဝ ဒီဇယ် မဖြစ်မနေအသုံးပြုရေးအစီအစဉ်ကလည်း သက်ရောက်မှုရှိနေကြောင်း ဖော်ပြပါရှိသည်။ Bloomberg ၏ စစ်တမ်းကောက်ယူမှုတွင် ပါဝင်ခဲ့သော လေ့လာသုံးသပ်သူသုံးဦး၏ ခန့်မှန်းချက် အရ ကြာရှည်ဖြစ်ပေါ်နေသော မိုးခေါင်ရေရှားမှုအခြေအနေများသည် စားအုန်းဆီထောက်ပံ့မှုအပေါ် ကန့်သတ်ချက်များ ဖြစ်ပေါ်စေနိုင်ပြီး ၂၀၂၇ ခုနှစ်တွင် စားအုန်းဆီကြမ်း (CPO) စံပြုဈေးနှုန်းကို တစ်တန်လျှင် ရင်းဂစ် ၅,၀၀၀ (အမေရိကန်ဒေါ်လာ ၁,၁၃၄ ခန့်)အထိ မြင့်တက်လာစေနိုင်ဖွယ်ရှိ သည်။

    လက်ရှိဖြစ်ပေါ်နေသည့် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်သည် ၂၀၂၇ခုနှစ်အတွင်း ထုတ်လုပ်မှု အပေါ် သက်ရောက်မှုရှိလိမ့်မည်ဟု ကျယ်ကျယ်ပြန့်ပြန့် ခန့်မှန်းထားသည်။ သို့သော်လည်း သက်ရောက်မှု၏ ပြင်းထန်မှုနှင့် ကြာမြင့်ချိန်တို့အပေါ် မူတည်၍ အကျိုးဆက်ပမာဏ ကွာခြားသွား နိုင်ပါသည်ဟု Fastmarkets Palm Oil Analytics မှ အကြီးတန်းလေ့လာ သုံးသပ်သူ Sathia Varqa က ပြောကြားခဲ့ကြောင်း Bloomberg က ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့တွင် ဖော်ပြခဲ့ ကြောင်း သိရှိရပါသည်။ ပုံမှန်အားဖြင့် အောက်တိုဘာလတွင် စတင်လေ့ရှိသော မိုးရာသီသည် နိုဝင် ဘာလ သို့မဟုတ် ဒီဇင်ဘာလအထိ နောက်ကျနိုင်ပြီး ပုံမှန်ထက် ကြာချိန် တိုတောင်းနိုင်ကြောင်း အင်ဒိုနီးရှားနိုင်ငံ၏ မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိရူပဗေဒဆိုင်ရာ အေဂျင်စီ (BMKG) က ခန့်မှန်း ထားသည်။

  ထို့ပြင် အယ်လ်နီညို (El Niño)ဖြစ်စဉ်သည် စားအုန်းဆီ အဓိကထုတ်လုပ်ရာဒေသဖြစ်သည့် Kalimantan တွင် မီးလောင်မှုများဖြစ်ပွားစေရာ၌လည်း အကြောင်းရင်းတစ်ခုဖြစ်ခဲ့ပြီး၊ ထိုဒေသရှိ မီးလောင်ကျွမ်းမှုဒေသများအနက် အချက်အချာနေရာ (hotspots) အရေအတွက်မှာ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုအတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်။ ဤအခြေအနေများကြောင့် မြေဩဇာ ကျွေးခြင်း၊ သီးနှံရိတ်သိမ်းခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းအပါအဝင် လုပ်ငန်းဆောင်တာများ အနှောင့် အယှက်ဖြစ်ပေါ်ခဲ့ရသည်။

   "Kalimantan ဒေသသည် မီးခိုးမြူထုဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရသည်။ လာမည့်နှစ်တွင် ထုတ်လုပ်မှုကျဆင်းမည့်ပမာဏ၏ အများစုမှာ ဤဒေသမှ ဖြစ်လာနိုင်ကြောင်း Eco Palm International Sdn ကုမ္ပဏီမှကုန်သည်တစ်ဦးဖြစ်သူ Warren Tay က ခန့်မှန်းပြောကြားခဲ့သည်။

    သို့သော်လည်း မျှော်မှန်းထားသည့် ထုတ်လုပ်မှု ကျဆင်းနှုန်းမှာ ယခင်ခန့်မှန်းချက်များထက် ပိုမိုနည်းပါးပါသည်။ အင်ဒိုနီးရှားစားအုန်းဆီအသင်း (GAPKI) ၏ ခန့်မှန်းချက်အရ ၂၀၂၇ ခုနှစ်တွင် စားအုန်းဆီထုတ်လုပ်မှုသည် ၃ ရာခိုင်နှုန်း ကျဆင်းမည်ဖြစ်ပြီး ယခင်က ၅ ရာခိုင်နှုန်းကျဆင်းမည်ဟု ခန့်မှန်းထားခဲ့မှုနှင့်နှိုင်းယှဉ်ပါက ပိုမိုလျော့နည်းလျက်ရှိကြောင်း သတင်းရရှိပါသည်။

Source: Indonesia Business Post, 28 Sept 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)