
အင်ဒိုနီးရှားနိုင်ငံသည် အရည်အသွေးမြင့် ဆန်တန်ချိန် ၁,၀၀၀ ကို မလေးရှားနိုင်ငံသို့ တင်ပို့ရန်စီစဉ်နေပြီး အဆိုပါဆန်တင်ပို့မှုသည် နိုင်ငံ၏စားနပ်ရိက္ခာဖူလုံရေး ပိုမိုခိုင်မာလာမှုကို ပြသသည့်လုပ်ဆောင်ချက်တစ်ရပ်ဖြစ်ကြောင်း အစိုးရပိုင်စားနပ်ရိက္ခာထောက်ပံ့ရေးနှင့် ဖြန့်ဖြူး ရေးကုမ္ပဏီ Bulog က ပြောကြားခဲ့ပါသည်။ အဆိုပါအစီအစဉ်သည် အင်ဒိုနီးရှားနိုင်ငံ၏ ၈၁ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံ၏စားနပ်ရိက္ခာဖူလုံမှုအခြေအနေ တိုးတက်ကောင်းမွန်လာမှုကို ပြသခြင်းဖြစ်ကြောင်း Bulog ကုမ္ပဏီ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Ahmad Rizal Ramdhani က သြဂုတ် ၁၅ ရက်တွင် ဂျကာတာမြို့၌ ပြောကြားခဲ့ပါသည်။ ၎င်းက ဩဂုတ် ၁၄ ရက် ညနေပိုင်းတွင် ဂျကာတာ၌ Bulog နှင့် မလေးရှားနိုင်ငံရှိ Padi dan Beras Borneo Sdn. Bhd. တို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ပြီး အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman က တက်ရောက်ကြည့်ရှုခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါဆန်ကုန်သွယ်ရေးသဘောတူညီချက်သည် အင်ဒိုနီးရှားနိုင်ငံအတွက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လက်ဆောင်တစ်ရပ်ဖြစ်သကဲ့သို့ ပြည်တွင်းဆန်လက်ကျန် လုံလောက်မှုနှင့် ပြည်ပသို့တင်ပို့နိုင်သည့် အခြေအနေရှိလာခြင်းတို့ကြောင့် နိုင်ငံ၏စားနပ်ရိက္ခာစနစ် ပိုမိုခံနိုင်ရည်ရှိလာကြောင်း ပြသနေခြင်းဖြစ်သည်ဟု Ramdhani က ဆိုပါသည်။ အင်ဒိုနီးရှားနိုင်ငံ၏ ဆန်ထုတ်လုပ်မှုသည် မကြာသေးမီနှစ်များအတွင်း တိုးတက်လာခဲ့ပြီး လက်ရှိတွင် အစိုးရ၏ ဆန်အရန်သိုလှောင်မှုမှာ တန်ချိန် ၅.၂ သန်းခန့်ရှိကြောင်း သိရပါသည်။ သဘောတူညီချက်ကို အကောင်အထည်ဖော်ရာတွင် ကနဦးအနေဖြင့် ဆန်တန်ချိန် ၁,၀၀၀ တင်ပို့မည်ဖြစ်ပြီး ယင်းသည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအောက်မှ ပထမဆုံးတင်ပို့မှု ဖြစ်လာမည်ဖြစ်ကြောင်း သိရပါသည်။ ထို့နောက် နှစ်စဉ်ဆန်တင်ပို့မှုပမာဏကို တဖြည်းဖြည်းတိုးမြှင့်ကာ တန်ချိန် ၂၀၀,၀၀၀ အထိရောက်ရှိရန် မျှော်မှန်းထားကြောင်း သိရပါသည်။ နိုင်ငံတော်၏ စားနပ်ရိက္ခာဖူလုံရေးကို ထိန်းသိမ်းထားခြင်းသည် Bulog ၏ ထိပ်တန်းဦးစားပေးလုပ်ငန်းဖြစ်နေဆဲဖြစ်သည်ဟု Ramdhani က ပြောကြားပြီး ဆန်ထုတ်လုပ်မှု အားကောင်းနေသည့် အခြေအနေကိုအသုံးချကာ ပြည်ပတင်ပို့ရေး အခွင့်အလမ်းများကိုဖော်ထုတ်ရန် အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့ပါသည်။ ထို့ပြင် Bulog အနေဖြင့် ပြည်တွင်းနှင့် နိုင်ငံတကာမိတ်ဖက်များ၊ အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကိုပိုမိုခိုင်မာစေရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပြီး စားနပ်ရိက္ခာ ဖူလုံရေးကိုအထောက်အကူပြုသည့်အပြင် တောင်သူများ၏လူမှုစီးပွားဘဝ တိုးတက်ကောင်းမွန်ရေးနှင့် ဈေးကွက်ချဲ့ထွင်ရေးတို့ကိုလည်း အထောက်အကူပြုသွားမည်ဟု သိရပါသည်။ စိုက်ပျိုးရေးဝန်ကြီး Sulaiman ကလည်း ယင်းဆန်တင်ပို့ရေး သဘောတူညီချက်သည် အင်ဒိုနီးရှားနိုင်ငံ၏ ၈၁ နှစ်မြောက် လွတ်လပ်ရေးအခါသမယတွင် နိုင်ငံအနေဖြင့် မိမိ၏ စွမ်းဆောင်ရည်အပေါ် ယုံကြည်မှုရှိလာကြောင်း သက်သေပြသည့် လုပ်ဆောင်ချက်တစ်ရပ်ဖြစ်ကြောင်း ယခင်က ပြောကြားခဲ့ပါသည်။ ဝန်ကြီးက ဆန်အရန်လက်ကျန် တန်ချိန် ၅.၂ သန်းခန့်အထိ ရှိလာ သောကြောင့် ပြည်ပတင်ပို့ရေးအတွက် စတင်ပြောဆိုနိုင်ပြီဖြစ်ကြောင်း၊ ထိုတိုးတက်မှုက အင်ဒိုနီးရှားနိုင်ငံ ပိုမိုခိုင်မာလာပြီး ယုံကြည်မှုပိုရှိလာပြီဖြစ်သည်ကို သက်သေပြနေကြောင်းနှင့် စားနပ်ရိက္ခာပြည်ပတင်ပို့မှုများကြောင့် ပြည်တွင်းစားနပ်ရိက္ခာထောက်ပံ့မှု ထိခိုက်မည်မဟုတ် ကြောင်း လက်မှတ်ရေးထိုးပွဲအပြီးတွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Antara News
DOCA (ရန်ကုန်)
