Main menu

ကမ္ဘောဒီးယားနိုင်ငံ၏ ဆန်တန်ချိန် ၁ သန်း တင်ပို့နိုင်ရေးကြိုးပမ်းမှုများ

Powered by Drupal

   ကမ္ဘောဒီးယားနိုင်ငံ၏ အမျိုးသားပို့ကုန် လျာထားချက်များကို အောင်မြင်စွာအကောင် အထည်ဖော်နိုင်ရေးအတွက် ဆန်စက်ပိုင်ရှင်များအနေဖြင့် စပါးဝယ်ယူမှုကို တိုးမြှင့်ရန်နှင့် ပို့ကုန် လုပ်ငန်းရှင်များ၊ စက်မှုဇုန်ဆိုင်ရာ အဓိက လုပ်ငန်းရှင်များနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက် ကြရန် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဘဏ် (ARDB) ၏ အမှု ဆောင်အရာရှိချုပ် Kao  Thach က တိုက်တွန်းနှိုးဆော်လိုက်သည်။

   ၂၀၂၆ ခုနှစ်တွင် ဆန်တန်ချိန် ၁ သန်း တင်ပို့ရေး ရေရှည်လျာထားချက်ကို ပံ့ပိုးပေးနိုင်ရန် အတွက် စပါးဈေးနှုန်းများတည်ငြိမ်စေရေးနှင့် လည်ပတ်ငွေထောက်ပံ့ပေးခြင်းတို့ဖြင့် ကမ္ဘောဒီးယား နိုင်ငံ၏ ဆန်ထုတ်လုပ်မှု တန်ဖိုးကွင်းဆက် (Rice Value Chain) ကို ပိုမိုခိုင်မာအောင် မြှင့်တင် ဆောင်ရွက်သွားမည်ဟု အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍခေါင်းဆောင်များက ကတိပြုပြောကြားခဲ့ကြသည်။ အဆိုပါ ကတိကဝတ်ပြုမှုကို ၁၂-၉-၂၀၂၆ ရက် (စနေနေ့)တွင် ဗာတမ်ဘန်း (Battambang) ပြည်နယ်၌ ကျင်းပပြုလုပ်သောအစည်းအဝေးတွင် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဘဏ် (ARDB) ၏ အမှုဆောင်အရာရှိချုပ် Kao Thach က သဘာပတိအဖြစ် ဆောင်ရွက်၍ ကမ္ဘောဒီးယား ဆန်စပါး အဖွဲ့ချုပ် (CRF) ဒါရိုက်တာဘုတ်အဖွဲ့ ဥက္ကဋ္ဌ Chan Sokheang၊ CRF ဥက္ကဋ္ဌ Lay Chhun Hour နှင့် ဆန်စက်များ၊ ပို့ကုန်ကုမ္ပဏီများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

    ထိုအစည်းအဝေး၌ စပါးဝယ်ယူစုဆောင်းမှုနှင့်စပ်လျဉ်း၍ တိုးတက်ဖြစ်ထွန်းမှုများကို ပြန်လည်သုံးသပ်ရန်နှင့် ကမ္ဘောဒီးယား၏ ရွှေဖြူ (White Gold) ဟု တင်စားခေါ်ဝေါ်ကြသည့် ဆန် တန်ချိန် ၁ သန်း တင်ပို့ရေး ရည်မှန်းချက်အောင်မြင်စေရန် ဆောင်ရွက်ရမည့် နည်းလမ်းများကို အဓိက ထားဆွေးနွေးသွားရန်ဖြစ်ကြောင်း Thach က ပြောကြားခဲ့သည်။

    ၂၀၁၀ ပြည့်နှစ်တွင် မူဝါဒကို စတင်မိတ်ဆက်ခဲ့ချိန်မှစ၍ ကျွန်ုပ်တို့သည် များပြားလှစွာသော ရှုပ်ထွေးသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ယင်းကိုလည်း လက်ခံအသိအမှတ်ပြုရမည် ဖြစ်ကာ အထူးသဖြင့် ၂၀၁၆ ခုနှစ်၌ မမျှော်လင့်ဘဲ စပါးဈေးနှုန်းများ အကြောင်းမဲ့ ထိန်းမရဘဲ ကျဆင်းသွား ခဲ့မှုလည်း ပါဝင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

    အခြေခံအဆောက်အအုံနှင့် မတည်ရင်းနှီးငွေ လိုအပ်ချက်များက စပါးဈေးနှုန်းများအပေါ် ရိုက်ခတ်မှုများ ရှိနေသော်လည်း ကမ္ဘောဒီးယားနိုင်ငံသည် ၎င်း၏ ဆန်စပါးကဏ္ဍကို ဆက်လက် အရှိန်ဟုန်မြှင့် မြှင့်တင်လျက်ရှိသည်။ တစ်နှစ်လျှင် ဆန်တန်ချိန် ၁ သန်းနှင့်အထက် ပုံမှန်တင်ပို့ နိုင်ရေးအတွက် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဘဏ် (ARDB) မှ ဘဏ္ဍာရေးဆိုင်ရာ ကူညီထောက်ပံ့မှုများကို မပျက်မကွက် ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း Thach က ထပ်လောင်း၍ အတည်ပြုပြောကြားခဲ့သည်။

    နိုင်ငံတော်၏ ယခုနှစ် ဆန်တင်ပို့မှု လျာထားချက်ပြည့်မီအောင် ဆောင်ရွက်နိုင်ရေးအတွက် ဆန်စက်ပိုင်ရှင်များအနေဖြင့် စပါးဝယ်ယူစုဆောင်းမှုကို တိုးမြှင့်ရန်နှင့် ပို့ကုန်လုပ်ငန်းရှင်များ၊ အခြား အဓိကပါဝင်ပတ်သက်သူများနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာအောင် ပြုလုပ်ကြရန် ၎င်းက တိုက်တွန်းနှိုးဆော်ခဲ့သည်။ စပါးရိတ်သိမ်း ရာသီချိန်အတွင်း ဆန်စက်ပိုင်ရှင်များအနေဖြင့် စပါးများကို အချိန်ကိုက် ဝယ်ယူသိုလှောင်နိုင်စေရန်နှင့် ဈေးကွက်အတွင်း စပါးဈေးနှုန်းများ တည်ငြိမ်စေရေး ကူညီပေးနိုင်ရန်အတွက် အစိုးရပိုင်စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဘဏ် (ARDB) အနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၀၀ အထိရှိသော ပြန်လည်ပြည့်ဖြိုးနိုင်သည့် ချေးငွေအစီအစဉ် (Revolving Credit Facility) တစ်ခုကို ပြင်ဆင်ဆောင်ရွက်ပေးထားကြောင်း ၎င်းက ပြောကြား ခဲ့သည်။

    ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၆ ခုနှစ်၏ ပထမ ၈ လအတွင်း ကြိတ်ခွဲပြီး ဆန်တန်ချိန် ၇၉၂,၂၁၂ တန် တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၆၄ သန်း ရရှိခဲ့သည်။ အဆိုပါ တင်ပို့မှု များကို ကုမ္ပဏီ ၆၁ ခုက ကမ္ဘာတစ်ဝန်းရှိ ဈေးကွက် ၆၆ ခုသို့ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရ ပါသည်။

Source: KHMER TIMES, September 14, 2026    (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)