Main menu

သကြားလက်ကျန်ပမာဏ ကန့်သတ်ချက်ကို အိန္ဒိယအစိုးရ သတ်မှတ်

Powered by Drupal

    အိန္ဒိယအစိုးရသည် ပွဲတော်ရာသီမတိုင်မီ သကြားသိုလှောင်မှုကို တားဆီးရန်အတွက် နိုင်ငံ တစ်ဝန်းရှိ ပုဂ္ဂလိက သကြားကုန်သည်များနှင့် ဖြန့်ချိရောင်းချသူများအပေါ် သကြားလက်ကျန် ပမာဏကန့်သတ်ချက်ကို သတ်မှတ်လိုက်ကြောင်း၊ စားသုံးသူရေးရာ၊ အစားအသောက်နှင့် အများ ပြည်သူဖြန့်ဖြူးရေးဝန်ကြီးဌာနက အဆိုပါကန့်သတ်ချက်သည် ဩဂုတ်လ ၁ ရက်မှ နိုဝင်ဘာလ ၃၀ ရက်အထိ အကျိုးသက်ရောက်မည်ဖြစ်ကြောင်း ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၈ ရက် အင်္ဂါနေ့က ကြေညာခဲ့ကြောင်းသိရသည်။

    ET သတင်းဌာနက သကြားဈေးနှုန်းများ စံချိန်တင်မြင့်တက်လာပြီးနောက် အစိုးရက သကြားလက်ကျန်ပမာဏ ကန့်သတ်ရန် စဉ်းစားနေကြောင်းကို ပထမဆုံး ဖော်ပြခဲ့သည်။ Sugar (Control) Order, 2025 အရ မည်သည့်ကုန်သည်မဆို တစ်နေရာတည်းတွင် သကြား ၄,၀၀၀ Quintals (တန်ချိန် ၄၀၀ ခန့်) ထက်ပို၍ သိုလှောင်ခြင်းမပြုရန်နှင့် လက်ခံရရှိသော သကြားများကို ရက်ပေါင်း ၃၀ အတွင်း ရောင်းချခြင်း သို့မဟုတ် လည်ပတ်ဖြန့်ချိခြင်း ပြုလုပ်ရမည်ဖြစ်သည်။ ပြည်နယ် အစိုးရများသည် ဗဟိုအစိုးရက သတ်မှတ်ထားသည့် အဆိုပါလမ်းညွှန်ချက်များကို လျှော့ပေါ့ခွင့်မရှိဘဲ လိုအပ်ပါက ပိုမိုတင်းကျပ်သော ကန့်သတ်ချက်များ ချမှတ်နိုင်ပါသည်။ ကုန်သည်များသည် မိမိတို့၏ သကြားလက်ကျန် အခြေအနေကို အစားအသောက်နှင့် အများ ပြည်သူဖြန့်ဖြူးရေးဌာန (Department of Food and Public Distribution) ၏ Portal တွင် မဖြစ်မနေ ကြေညာရမည်ဖြစ်ပြီး၊ ပုံမှန် အချိန်နှင့်တပြေးညီလည်း အချက်အလက်များကို မွမ်းမံ တင်ပြရမည်ဖြစ်သည်။

    အစိုးရသည် ၂၀၂၆ ခုနှစ် ဩဂုတ်လအတွက် သကြားထုတ်လုပ်ခွင့် (Quota) ကို တန်ချိန် ၂.၂၅ သန်း သတ်မှတ်ထားကြောင်း ကြေညာခဲ့သည်။ သကြားဈေးနှုန်းများ စံချိန်တင် မြင့်မားနေ သော်လည်း ယခုနှစ် Quota ကို မနှစ်ကနှင့် တူညီစွာ သတ်မှတ်ထားကြောင်း ကျွမ်းကျင်သူများက သုံးသပ်သည်။ ထို့အပြင် အစိုးရသည် သကြားစက်ရုံများရှိ သကြားလက်ကျန်များကို ဩဂုတ်လ ၁ ရက်မှ ၁၄ ရက်အတွင်း ကွင်းဆင်းစစ်ဆေးမည် ဖြစ်ကြောင်း ပြီးခဲ့သည့်အပတ်က ကြေညာခဲ့ ကြောင်းသိရပါသည်။

Source – The Hindu Business Line, 28 July 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)