
တနင်္သာရီတိုင်းဒေသကြီး မြို့တော်ဖြစ်သည့် ထားဝယ်မြို့သည် ကြက်သွန်နီအကြီးအကျယ် စိုက်ပျိုးထွက်ရှိသည့် ဒေသမဟုတ်ဘဲ အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ အဓိကမှာယူရလေ့ရှိပါသည်။ ထားဝယ်ခရိုင်အတွင်းရှိ ဒေသတွင်းစျေးကွက်များ၌ လက်ရှိကာလတွင် ကြက်သွန်နီဝယ်လိုအား ပုံမှန်ရှိနေသော်လည်း ကုန်ကျစရိတ်များနှင့် သယ်ယူပို့ဆောင်ရေးအခြေအနေများကြောင့် ကြက်သွန်နီစျေးနှုန်းများ ဆက်တိုက်စျေးကောင်းရရှိနေကြောင်း ဒေသခံကုန်သည်များနှင့် စျေးသည်များထံမှ သိရှိရပါသည်။ ထားဝယ်ဒေသသို့ဝင်ရောက်နေသည့် ကြက်သွန်နီအများစုမှာ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်အပါအဝင် မန္တလေး၊ မြင်းခြံ၊ မုံရွာနှင့် ပခုက္ကူကုန်စည်ဒိုင်များ စသည့် အထက်အညာဒေသများမှ မှာယူတင်သွင်းရခြင်းဖြစ်ပြီး၊ လမ်းခရီး၊ သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်လာခြင်းနှင့် ပြည်ပသို့တင်ပို့မှု အားကောင်းနေခြင်းတို့ကြောင့် ထားဝယ်စျေးကွက်အတွင်းသို့ အဝင်နည်းကာ စျေးနှုန်းများ မြင့်တက်လာခြင်းဖြစ်ပါသည်။ မြန်မာ့ကြက်သွန်နီကို အဓိကအားဖြင့် ဗီယက်နမ်၊ ထိုင်း၊ မလေးရှားနှင့် တရုတ်နိုင်ငံများသို့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများအပြင် ပင်လယ်ရေကြောင်းမှလည်း တင်ပို့လျက်ရှိသည်။ ယခုရက်သတ္တပတ်အတွင်း ထားဝယ်မြို့ စည်ပင်သာယာစျေးကြီးနှင့် ပတ်ဝန်းကျင်မြို့နယ်များရှိ လက်လီ/လက်ကားစျေးကွက်များတွင် ဖြစ်ပေါ်နေသော စျေးနှုန်းများအရ ကြက်သွန်နီတစ်ပိဿာလျှင် (၆၀၀၀)ကျပ်ခန့်ထိရှိနေကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
