Main menu

“ရှမ်းမြောက်တွင် ဆန်စပါး ပိုလျှံမှုမရှိဘဲ ဒေသတွင်း စားသုံးရန် အရောင်းအဝယ်သာ အဓိကဖြစ်နေလျက်ရှိ”

Powered by Drupal

         ၂၀၂၆ ခုနှစ် စက်တင်ဘာလဆန်းပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း (လားရှိုး၊ သီပေါ၊ ကျောက်မဲ စသည့် မြို့နယ်များ) ၏ ဒေသဆန် ဈေးကွက်သည် လမ်းပန်းဆက်သွယ်ရေး အခြေအနေ၊ ကုန်စည်သယ်ယူခမြင့်မားမှုနှင့် ဒေသတွင်း နယ်စပ်ကုန်သွယ်ရေးဂိတ်အချို့ ပိတ်ဆို့မှုများကြောင့် ဆန်ဈေးနှုန်းများ မြင့်တက်လျက်ရှိပြီး အရောင်းအဝယ် ပုံမှန်အေးနေသည့် အခြေအနေရှိသည်။

        ရှမ်းပြည်နယ်(မြောက်ပိုင်း) လက်ရှိ ပြင်ပဈေးကွက်အတွင်း ဆန်အမျိုးအစားအလိုက် ဒေသတွင်းထွက် ရှမ်းဆန်နှင့် ဆန်ကြမ်း/ ဧည့်မထအမျိုးအစားများမှာ အချက်အပြုတ်နှင့် စားသောက်ဆိုင် များအတွက် အဓိကသုံးစွဲကြပြီး ပြင်ပပေါက်ဈေးမှာ တစ်ပြည်လျှင် ၅,၀၀၀ ကျပ် မှ ၆,၅၀၀ ကျပ် ဝန်းကျင်ခန့်ကြား ပေါက်ဈေးရှိသည်။ အောက်ပြည်မှ တင်သွင်းသော ဆန်ချော (ပေါ်ဆန်းမွှေး) တစ်အိတ်လျှင် ကျပ် ၂၆၀,၀၀၀ မှ ၂၈၀,၀၀၀ ကျပ်ဝန်းကျင်ခန့်၊ ပေါ်ဆန်းဆန်လတ် (၁၈၀,၀၀၀ မှ ၁၉၀,၀၀၀) ကျပ် ဝန်းကျင်ခန့် အထိ (အမျိုးအစားပေါ်မူတည်၍) စံချိန်တင် မြင့်တက်နေကြောင်း သိရသည်။

         ပြည်သူများ သက်သာစေရန်အတွက် လားရှိုးမြို့ပေါ်ရှိ ဆန်ဆိုင်အချို့နှင့် ဆန်အသင်း အဖွဲ့အချို့မှ ဧည့်မထဆန် သို့မဟုတ် အခြေခံစားဆန်များကို ပြင်ပပေါက်ဈေးထက် (၁) ပြည်လျှင် ၁,၀၀၀ ကျပ်ခန့် လျှော့ချကာ သက်သာသောနှုန်းထား (တစ်ပြည်လျှင် ၄,၀၀၀-၅,၀၀၀ ကျပ် ဝန်းကျင်) ဖြင့် ခွဲတမ်းစနစ် ရောင်းချပေးမှုများ ရှိနေကြောင်း သိရှိရသည်။

         ရှမ်းမြောက်ဒေသသည် ကုန်းမြင့်ဒေသဖြစ်သဖြင့် အောက်ပြည်အောက်ရွာ (ဧရာဝတီနှင့် စစ်ကိုင်းတိုင်း) ကဲ့သို့ ဆန်စပါး အမြောက်အမြား ထွက်ရှိခြင်း မရှိဘဲ ဒေသတွင်း ဖူလုံရုံ သို့မဟုတ် အောက်ပြည်မှ ပြန်လည်တင်သွင်းရခြင်း ဖြစ်သည်။ သယ်ယူပို့ဆောင်ရေး အခက်အခဲ - မိုးရာသီ ကာလ ဖြစ်ခြင်း၊ မကြာခဏ လမ်းပိုင်းပိတ်ဆို့ခြင်း သို့မဟုတ် လမ်းလွှဲများမှပတ်၍ မောင်းနှင်ရခြင်း တို့ကြောင့် ကုန်စည်တင်ခနှင့် စက်သုံးဆီ စရိတ်များပြားကာ ဆန်ဈေးနှုန်းများ ကျဆင်းရန် ခဲယဉ်း နေသည်။ ဒေသခံ ပြည်သူများသည် စီးပွားရေး အခြေအနေများနှင့် ကုန်ဈေးနှုန်း ကြီးမြင့်မှု တို့ကြောင့် ဆန်ချော (ပေါ်ဆန်း) ဝယ်ယူမှုထက် ဒေသတွင်းထွက် ဆန်ကြမ်းနှင့် သက်သာသော ဆန်ကွဲ/ ဆန်လတ် အမျိုးအစားများကို ပိုမိုဦးစားပေး ဝယ်ယူစားသုံးလာကြသည်။လက်ရှိတွင် ကုန်သည်ကြီးများနှင့် ဆန်စက်ပိုင်ရှင်များသည် အများအပြား သိုလှောင်ရောင်းချ ခြင်းထက် ကုန်စည်စီးဆင်းမှု ပြတ်တောက်မသွားစေရန်နှင့် ဒေသတွင်း လိုအပ်ချက် ရှိသလောက်ကို သာ အပိုင်းလိုက်ခွဲ၍ ရောင်းဝယ်ဖောက်ကားလျက်ရှိသည်။ လာမည့် အောက်တိုဘာနှင့် နိုဝင်ဘာလ များတွင် မိုးစပါးသစ်များ ဒေသအနှံ့အပြား၌ စတင်ရိတ်သိမ်းတော့မည်ဖြစ်ရာ သီးနှံသစ်ပေါ်ချိန်တွင် ဒေသတွင်း ဆန်ဖူလုံမှု ပိုမိုရရှိလာပြီး ဆန်ဈေးနှုန်းများ ပြန်လည်တည်ငြိမ် သက်သာလာနိုင်ကြောင်း ကုန်သည်အချို့က မျှော်မှန်းထားကြသည်။ သို့သော်လည်း လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့မှု ရှိ/မရှိပေါ်တွင် များစွာမူတည်နေဆဲ ဖြစ်ကြောင်း ဒေသခံများထံမှ ကြားသိရသည်။

DOCA(ရှမ်း)