
ရှမ်းပြည်နယ်အတွင်း ထောပတ်သီးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ထောပတ်သီးရင့်မှည့်မှုဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးနိုင်ရန်အတွက် ဇူလိုင်၁၉ရက်က တောင်ကြီးမြို့နယ် နောင်ဟစ်ကျေးရွာရှိ “8 December 61”ထောပတ်ခြံ၌ သက်ဆိုင်ရာဌာနများ၊ စီးပွား ရေးလုပ်ငန်းရှင်များနှင့် ထောပတ်သီးစိုက်တောင်သူများ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံဆွေးပွဲသို့ စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးရွှေဖြူ၊ မြန်မာကုန် သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ပြည်နယ်ဦးစီးမှူး ဦးစောဝင်းကျော်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးချိုနိုင်ထွန်းတို့တက်ရောက်ခဲ့ကြပြီး ဒေသတွင်းထောပတ်သီး ထုတ်လုပ်မှုအခြေအနေများနှင့်ဈေးကွက် လိုအပ်ချက်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ထောပတ်သီးများကို ရင့်မှည့်စေရန်ဓာတုပစ္စည်းများ အလွန်အကျွံအသုံးပြုခြင်းကြောင့် စားသုံးသူများ၏ ကျန်းမာရေးအပေါ်ထိခိုက်နိုင်သည့် အကျိုးဆက်များနှင့် ပတ်သက်၍လည်း အသိပညာပေးဆွေးနွေးခဲ့ပြီး အရည်အသွေးစံချိန်စံညွှန်းများနှင့် ကိုက်ညီစွာထုတ်လုပ်တင်ပို့နိုင်ရေးအတွက် အကြံပြုဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။
ထို့အတူ ထောပတ်သီးများ ရင့်မှည့်ချိန်တွင် ခူးဆွတ်ရောင်းချရာ၌တောင်သူတစ်ဦးချင်းအနေဖြင့် သတ်မှတ်တန်ချိန် မပြည့်မီပါက သက်ဆိုင်ရာထောပတ်သီးအဖွဲ့ထံသို့ ကြိုတင်အသိပေးတင်ပြပြီး ရင့်မှည့်ပြီးဖြစ်သည့် အခြားထောပတ်သီးခြံများနှင့် ပူးပေါင်းကာ စုစည်းခူးဆွတ်၍ဈေးကွက်သို့ ပူးပေါင်း တင်ပို့ရောင်းချနိုင်ရေးကိုလည်း အလေးထားဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသည် ထောပတ်သီးကဏ္ဍရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး၊ စားသုံးသူကာ ကွယ်ပေးရေးနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ရေးတို့အတွက်အထောက်အကူဖြစ်စေမည်ဖြစ်ပြီးသက်ဆိုင်ရာဌာနများ၊ တောင်သူများနှင့်စီးပွားရေးလုပ်ငန်းရှင်များအကြား ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။
DOCA(ရှမ်း)
