
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကမ္ဘာ့သရက်သီးထုတ်လုပ်သူနိုင်ငံများတွင် သတ္တမအဆင့်နေရာ တွင်ရှိပြီး ပြည်တွင်းဈေးကွက်အတွက် နှစ်စဉ် တာကာငွေ ကုဋေ ၁၃,၀၀၀ မှ ၁၄,၀၀၀ တန်ဖိုးရှိ သရက်သီးတန်ချိန် ၂၄ သိန်း မှ ၂၆ သိန်းအထိ ထုတ်လုပ်လျက်ရှိကြောင်း၊ သို့သော်လည်း ဝင်ငွေမြင့် စားသုံးသူများမှ တစ်နှစ်ပတ်လုံး စားသုံးလို၍ ၎င်းတို့၏ ဝယ်လိုအားကို ဖြည့်ဆည်းပေးရန်အတွက် သရက်သီး များကို ပုံမှန်တင်သွင်းနေရဆဲဖြစ်ကြောင်း သိရှိရသည်။
ပြည်ပမှ တင်သွင်းသော သရက်သီးများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လူကုံထံများ နေထိုင်ရာ မြို့များရှိ စားသောက်ကုန်ဈေးများနှင့် စတိုးဆိုင်ကြီးများရှိ သစ်သီးဆိုင်များတွင် အမြဲမပြတ်တွေ့ မြင်နိုင်ပြီး တစ်နှစ်ပတ်လုံး တန်ဖိုးမြင့်ဈေးနှုန်းများဖြင့်ပင် ဝယ်ယူစားသုံးလိုသော ဝင်ငွေမြင့် ဝယ်ယူ သူများကို အဓိကဦးတည်ရောင်းချခြင်းဖြစ်သည်။ သို့သော်လည်း ဘင်္ဂလားဒေ့ရှ်ဒေသထွက် သရက် သီးများသည် အရသာတွင် ပြိုင်ဘက်ကင်းသဖြင့် ပြည်တွင်းသရက်သီးရာသီအတွင်း ပြည်ပမှ တင်သွင်းလာသော သရက်သီးများ၏ဝယ်လိုအားမှာ သိသိသာသာကျဆင်းသွားကြောင်း ကုန်သည် များ၏ ပြောကြားချက်အရ သိရှိရပါသည်။
ဘင်္ဂလားဒေ့ရှ်ဘဏ် (Bangladesh Bank) ၏အချက်အလက်များအရ သရက်သီး တင်သွင်း မှုသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (FY21) တွင် ၃၈.၃ တန်ရှိခဲ့ရာမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (FY22) တွင် ၁,၃၄၃ တန်အထိ သိသိသာသာ မြင့်တက်ခဲ့ပြီးနောက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (FY23) တွင် ၁၄၁ တန်၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (FY24) တွင် ၁၅.၂၉ တန် နှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် (FY25) တွင် ၄.၈၇ တန်အထိ ပြန်လည်ကျဆင်းသွားခဲ့ပါသည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် (FY26) ကာလ အတွင်းတွင်မူ တင်သွင်းမှုသည် ၃၇.၀၅ တန်အထိ ပြန်လည်မြင့်တက်လာခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ထိုင်း၊ အီဂျစ်၊ အိန္ဒိယ၊ ကင်ညာ၊ နယ်သာလန်၊ မြန်မာ၊ ယူကေနှင့် ဩစတြေးလျအပါအဝင် အခြားနိုင်ငံအများအပြားထံမှ သရက်သီးများ တင်သွင်းပါကြောင်း၊ သို့သော် လည်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင်မူ ထိုင်း၊ အိန္ဒိယနှင့် အခြားနိုင်ငံအနည်းငယ်များမှသာ တင်သွင်း ကြောင်း သိရှိရပါသည်။
သရက်သီးတင်သွင်းသည့်လုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်အရ ယခင်နှစ်များတွင် ကုန်ကျ စရိတ်သက်သာသောကြောင့် တင်သွင်းမှုပမာဏ မြင့်မားခဲ့ခြင်းဖြစ်ကြောင်း၊ ယခင်ကသွင်းကုန်ခွန် သည် တစ်ကီလိုဂရမ်လျှင် ၄၅ တာကာ ဝန်းကျင်သာရှိပြီး လေကြောင်းသယ်ယူပို့ဆောင်ခမှာ တစ်ကီလိုဂရမ်လျှင် ၇၀ တာကာ မှ ၈၀ တာကာဝန်းကျင်သာ ရှိခဲ့ကြောင်း၊ လက်ရှိတွင် သွင်းကုန်ခွန် မှာ တစ်ကီလိုဂရမ်လျှင် ၅၀၀ တာကာ ဝန်းကျင်အထိ မြင့်တက်လာပြီး လေကြောင်းသယ်ယူ ပို့ဆောင်ခမှာလည်း တစ်ကီလိုဂရမ်လျှင် ၃၀၀ တာကာ ဝန်းကျင်အထိ ရှိလာသောကြောင့် သုံးစွဲသူ များအနေဖြင့် မြင့်မားသောဈေးနှုန်းများကို မတတ်နိုင်ပါသဖြင့် တင်သွင်းမှုပမာဏ လျော့နည်း သွားခြင်းဖြစ်ကြောင်း၊ နှိုင်းယှဉ်ချက်အရ ထိုင်း၊ အာရပ်စော်ဘွားများပြည်ထောင်စု(UAE) နှင့် အခြား အရှေ့အလယ်ပိုင်းနိုင်ငံများသည် စားသောက်ကုန် တင်သွင်းမှုအပေါ် အခွန် ၅ ရာခိုင်နှုန်းခန့်သာ စည်းကြပ်ကြကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း အခွန်နှုန်းထားများ လျှော့ချပေးမည်ဆိုပါက စပျစ်သီး၊ ပန်းသီးနှင့် လိမ္မော်သီး (Malta) အစရှိသည့် သစ်သီးဝလံများကို ပိုမိုသက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေအရ ဝင်ငွေမြင့်မားသည့် စားသုံးသူ များသာ တင်သွင်းထားသော သရက်သီးများကို ဝယ်ယူစားသုံးနိုင်ပြီး ဝယ်လိုအားမှာ အဓိကအားဖြင့် အချိုဓာတ်အပေါ် မူတည်နေကြောင်း၊ ထိုင်းနိုင်ငံထုတ်သရက်ချိုသီး (Thai Sweet Mango) မှာ ဝယ်လိုအား အများဆုံးမျိုးစိတ် ဖြစ်နေဆဲဖြစ်ကြောင်း သိရှိရပါသည်။
ဒါကာမြို့ရှိ ယူနီမတ် (Unimart) မှ အရောင်းကိုယ်စားလှယ်တစ်ဦး၏ ပြောကြားချက်အရ ပြည်တွင်းသရက်သီးရာသီ စတင်သည်နှင့်တစ်ပြိုင်နက် ပြည်ပမှ တင်သွင်းသည့်သရက်သီး ဝယ်လို အား ကျဆင်းသွားသဖြင့် တင်သွင်းမှုကို လျှော့ချရပြီး ပြည်တွင်းရာသီကုန်ဆုံးချိန်မှသာ ဝယ်လိုအား ပြန်လည်မြင့်တက်လာလေ့ရှိကြောင်း၊ ဩစတြေးလျနိုင်ငံထုတ် R2E2 သရက်သီး၊ အိန္ဒိယနိုင်ငံ ထုတ် ကာတီမွန် (Katimon) သရက်သီး၊ ထိုင်းနိုင်ငံထုတ် ငှက်ပျောသရက်သီး (Banana Mango) နှင့် အခြားမျိုးစိတ် အနည်းငယ်မှာ ဝယ်လိုအား ပိုမိုမြင့်မားကြောင်းနှင့် ၎င်းတို့အပြင် နယ်သာလန် နိုင်ငံမှလည်း သရက်သီးများ တင်သွင်းပါကြောင်း၊ R2E2 သရက်သီးကို တစ်ကီလိုဂရမ်လျှင် တာကာ ၁,၅၀၀ မှ ၁,၆၀၀ ဖြင့် ရောင်းချပြီး၊ ကာတီမွန်သရက်သီးကိုမူ တစ်ကီလိုဂရမ်လျှင် တာကာ ၂၅၀ ဖြင့် ရောင်းချပါကြောင်း၊ အဆိုပါ သရက်သီးများသည် တစ်နှစ်ပတ်လုံး ဝယ်လိုအားရှိသော်လည်း ရာမဒန် (Ramadan) ဥပုသ်လအတွင်းတွင် ဝယ်လိုအား ပိုမိုမြင့်မားကြောင်းနှင့် ရာမဒန်လအတွင်း သရက်သီး မျိုးစုံ၏ ဝယ်လိုအားမှာ အမြင့်ဆုံးသို့ ရောက်ရှိလေ့ရှိကြောင်း သိရှိရ ပါသည်။
Gulshan-2 kitchen market မှ သစ်သီးရောင်းချသူတစ်ဦး၏ ပြောကြားချက်အရ ထိုင်း နိုင်ငံထုတ် ဂျမ်ဘို (Jamboo)၊ ချယ်ရီသရက်သီး (Cherry Mango) နှင့် သရက်ချိုသီး (Sweet Mango) များမှာ ဝယ်လိုအားမြင့်မားကြောင်းနှင့် ပြည်ပမှာ တင်သွင်းသောသရက်သီးများအား ဝယ်ယူသူများမှာ အဓိကအားဖြင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် လစာကောင်းသော အရာရှိများ ဖြစ်ကြပြီး တစ်ပတ်လျှင် သရက်သီး ကီလိုဂရမ် ၂၀၀ မှ ၃၀၀ ခန့် ရောင်းချရကြောင်း သိရှိရပါသည်။
ချာပိုင်နာဝပ်ဂန့်ခရိုင်(Chapainawabganj) ရှိ ဒေသဆိုင်ရာ ဥယျာဉ်ခြံသီးနှံ သုတေသန ဗဟိုဌာန (Regional Horticulture Research Centre) မှ အရာရှိချုပ် Md Sorof Uddin က တင်သွင်းလာသည့် သရက်သီးများသည် ပြည်တွင်းသရက်သီး မပေါ်သည့်ရာသီ (off-season) တွင် စားသုံးသူများ၏ ဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်သော်လည်း ဘင်္ဂလားဒေ့ရှ် သရက်သီးများ၏ အရသာနှင့် အရည်အသွေးကို မယှဉ်နိုင်ကြောင်း၊ စားသုံးသူများသည် ပြည်တွင်းသရက်သီးများ မရရှိနိုင်သည့်အတွက်ကြောင့်သာ တင်သွင်း သရက်သီးများကို ဝယ်ယူလေ့ရှိကြပြီး အရသာထက် အလွယ်တကူ ဝယ်ယူရရှိနိုင်ခြင်းကို ပိုမိုဦးစားပေးကြခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။
Source: The Daily Star, 13 July 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
