Main menu

ဩဂုတ်လအတွင်း အင်ဒိုနီးရှားနိုင်ငံတစ်ဝှမ်းတွင် ဆန်ဈေးနှုန်းများ မြင့်တက်လာခြင်း

Powered by Drupal

    အင်ဒိုနီးရှား စာရင်းအင်းဗျူရို (BPS) ၏ စာရင်းများအရ ၂၀၂၆ ခုနှစ် ဩဂုတ်လအတွင်း အလတ်စားဆန်နှင့် အဆင့်မြင့်ဆန် (Medium and Premium Rice) နှစ်မျိုးလုံး၏ ဈေးနှုန်းများ တစ်ပြိုင်နက်တည်း မြင့်တက်ခဲ့ကြောင်း သိရသည်။

  ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁ ရက် (အင်္ဂါနေ့) က ဂျာကာတာမြို့၌ ပြုလုပ်ခဲ့သည့် သတင်း စာရှင်းလင်းပွဲတွင် BPS ၏ စာရင်းအင်း ဖြန့်ဖြူးရေးနှင့် ဝန်ဆောင်မှုဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး Ateng Hartono က ဆန်စက်အဆင့်၊ လက်ကားအဆင့်နှင့် လက်လီအဆင့်များအားလုံးတွင် ပျမ်းမျှ ဆန်ဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း Antara သတင်းဌာန၏ ဖော်ပြချက်အရ ပြောကြားခဲ့သည်။ ဆန်စက်အဆင့်တွင် ပျမ်းမျှ ဈေးနှုန်းများသည် ပြီးခဲ့သည့် လထက် ၁.၃၂ ရာခိုင်နှုန်းနှင့် ယခင်နှစ် ကာလတူထက် ၅.၅၂ ရာခိုင်နှုန်း  မြင့်တက်ခဲ့သည်။

    ဆန်စက်အဆင့်တွင် အရည်အသွေးအလိုက် ခွဲခြားကြည့်ပါက အဆင့်မြင့်ဆန် (Premium Rice) ဈေးနှုန်းများသည် ပြီးခဲ့သည့်လထက် ၁.၂၂ ရာခိုင်နှုန်းနှင့် ယခင်နှစ် ကာလတူထက် ၁၀.၀၇ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ထို့အတူ အလတ်စားဆန် (Medium Rice) ဈေးနှုန်းများသည်လည်း ပြီးခဲ့သည့်လထက် ၁.၄၈ ရာခိုင်နှုန်းနှင့် ယခင်နှစ် ကာလတူထက် ၄.၀၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ သည်။ နှစ်အလိုက် နှိုင်းယှဉ်ချက်အရ အဆင့်မြင့်ဆန်၏ ဈေးနှုန်းမြင့်တက်မှုသည် အလယ်အလတ် ဆန်ထက် ပိုမိုမြင့်မားသည် ဟု Ateng က မှတ်ချက်ပြုခဲ့သည်။

    အလယ်အလတ်နှင့် အဆင့်မြင့်ဆန် အမျိုးအစားနှစ်ခုလုံး၏ ဈေးနှုန်းမြင့်တက်မှုသည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက မြင့်တက်နေခဲ့ခြင်း ဖြစ်သည်။ ၂၀၂၆ ခုနှစ် ဩဂုတ်လ အတွင်း လက်ကားနှင့် လက်လီအဆင့် ဈေးနှုန်းအလားအလာများနှင့် ပတ်သက်၍ လက်ကားကုန်ဈေးနှုန်း မြင့်တက်မှု (Wholesale Inflation) မှာ ယခင်လထက် ၀.၈၀ ရာခိုင်နှုန်းနှင့် ယခင်နှစ်ကာလတူ ထက် ၄.၂၈ ရာခိုင်နှုန်းရှိခဲ့သည်။ တစ်ချိန်တည်းမှာပင် လက်လီဆန်ဈေးနှုန်းမြင့်တက်မှု (Retail Rice Inflation) သည် ယခင်လထက် ၀.၄၂ ရာခိုင်နှုန်းနှင့် ယခင်နှစ်ကာလတူထက် ၂.၇၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။

    ဆန်ဈေးနှုန်းများသည် အင်ဒိုနီးရှားတစ်နိုင်ငံလုံးရှိ အရည်အသွေးပေါင်းစုံ၏ ပျမ်းမျှဈေးနှုန်း များ ဖြစ်ကြောင်း Ateng က ပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ၂၀၂၆ ခုနှစ် ဩဂုတ်လ၌ တောင်သူလယ်သမားများ၏ ကုန်သွယ်မှုအခြေအနေပြအညွှန်းကိန်း (Farmers' Terms of Trade - NTP) သည် ၁၂၉.၁၉ သို့ ရောက်ရှိခဲ့ပြီး ၂၀၂၆ ခုနှစ် ဇူလိုင်လထက် ၁.၀၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ အဆိုပါ အညွှန်းကိန်း မြင့်တက် လာမှုမှာ တောင်သူများ ဝယ်ယူသုံးစွဲရသည့် စရိတ်အညွှန်းကိန်း ၀.၀၉ ရာခိုင်နှုန်း တိုးတက်၍ ၁၂၈.၂၄ ရှိလာမှုထက် တောင်သူများ ရရှိသည့် ရောင်းဈေးအညွှန်းကိန်း ၁.၁၄ ရာခိုင်နှုန်း ပိုမိုမြင့်တက်ကာ ၁၆၅.၆၆ သို့ ရောက်ရှိလာခြင်းကြောင့် ဖြစ်သည်။

    တောင်သူများ၏ ရောင်းဈေး အညွှန်းကိန်းကို စပါး၊ ဆီအုန်း၊ ရာဘာနှင့် အသားတိုးကြက် တို့က မြင့်တက်စေခဲ့ပြီး၊ ဝယ်ယူစရိတ် အညွှန်းကိန်းကိုမူ ကြက်သား၊ ဆန်၊ ပဲတောင့်ရှည်နှင့် ပဲတီစိမ်း တို့က အဓိက ရိုက်ခတ်မှု ရှိခဲ့ကြောင်း သိရသည်။

Source: TEMPO (PT Tempo Inti Media Tbk), Sept 1, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)