
စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ စားသုံးသူများ အသိပညာ ပြည့်ဝသော စားသုံးသူများဖြစ်စေရေး၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် မှန်ကန်သော ဆုံးဖြတ်ချက်များချမှတ်နိုင်ရေး၊ အသိပညာဗဟုသုတပြည့်ဝသော စားသုံးသူများဖြစ်စေရေးတို့အတွက် စားသုံးသူအသိပညာပေးလုပ်ငန်းများအား ဆက်စပ်ဌာနများ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့ များနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင် ဦးစီးမှူးရုံးမှ ခရိုင်တာဝန်ခံ ဦးဝင်းသိန်းဦး(ရုံးအုပ်)သည် ၁၄-၇-၂၀၂၆ ရက်နေ့တွင် မိုးညှင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စားသုံသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး စကားဝိုင်းဆွေးနွေးပွဲ(Talk Show) ကိုကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုသို့ ကျင်းပပြုလုပ်ရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းမှုအခြေအနေ၊ စားသုံးသူ ကာကွယ်ရေး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူများအား စားသုံးသူကာကွယ်ရေးဥပဒေအရ ရရှိနိုင်မည့် အခွင့်အရေးများ၊ စားသုံးသူအခွင့်အရေးများ ချိုးဖောက်ခြင်းခံရပါက ကုစားခွင့်ရရှိနိုင်ရေး ဆောင်ရွက် နိုင်သည့်နည်းလမ်းများ၊ စားသုံးသူတို့၏ တာဝန်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေများ၊ ဥပဒေပါတားမြစ်ချက်များနှင့် ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ ကုန်စည်ထုတ်လုပ်ဖြန့်ဖြူးသည့် လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း နှင့်စပ်လျဉ်း၍ သိသာထင်ရှားစွာ ဖော်ပြရမည့် အချက်များကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကချင်)
