
အိန္ဒိယနိုင်ငံ ဓာတ်မြေဩဇာဝန်ကြီးဌာနသည် ကမ္ဘာ့စျေးနှုန်းများ မြင့်တက်နေမှုကြောင့် လက်ရှိဘဏ္ဍာနှစ်အတွက် ၎င်း၏ဘတ်ဂျက်သတ်မှတ်ထားသော ဓာတ်မြေဩဇာထောက်ပံ့ကြေး ရန်ပုံငွေကို နှစ်ဆတိုးရန် တောင်းဆိုထားကြောင်း အစိုးရအရာရှိတစ်ဦးက ပြောကြားခဲ့ပြီး တောင်အာရှနိုင်ငံသည် အီရန်စစ်ပွဲ၏ ကုန်ကျစရိတ်မြင့်တက်လာမှုကို ရင်ဆိုင်နေရသည်။
အိန္ဒိယနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကအားထားသည့်နိုင်ငံဖြစ်ပြီး ယူရီးယားနှင့် ဒိုင်အမိုနီ ယမ်ဖော့စဖိတ် (DAP) ကဲ့သို့သော ဓာတ်မြေဩဇာများအပြင် ယူရီးယားထုတ်လုပ်ရန်အတွက် အဓိက ကုန်ကြမ်းဖြစ်သည့် ဓာတ်ငွေ့ရည် (LNG) ကိုလည်း တင်သွင်းကြောင်း သိရသည်။
ကမ္ဘာ့တတိယအကြီးဆုံး ရေနံတင်သွင်းသူနှင့် သုံးစွဲသူဖြစ်သည့် အိန္ဒိယသည် ၎င်းရေနံ၏ ၉၀ ရာခိုင်နှုန်းခန့်ကို တင်သွင်းပြီး စစ်ပွဲကြောင့် ကမ္ဘာ့စွမ်းအင်ထောက်ပံ့မှုများ ကြာရှည်စွာ အနှောင့်အယှက်ဖြစ်ရန် အလားအလာအရှိဆုံး နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သည်။ အိန္ဒိယနိုင်ငံ ဓာတ်မြေဩဇာဌာနသည် ဘဏ္ဍာနှစ်စတင်ပြီး သုံးလမျှသာရှိသေးသော်လည်း ဓာတ်မြေဩဇာ ထောက်ပံ့ကြေး နှစ်ဆတိုးရန် တောင်းဆိုထားပြီးဖြစ်သည်။
အိန္ဒိယအနေဖြင့် တင်သွင်းမှုလျှော့ချရန်အတွက် ပြည်တွင်းထုတ်လုပ်မှုစွမ်းရည် ကို အရှိန်မြှင့်နေကြောင်း၊ ကမ္ဘာ့စျေးနှုန်းများ မြင့်တက်လာခဲ့သော်လည်း စစ်ပွဲစတင်ပြီး ပထမဆုံး ၇၈ ရက်အတွင်း စက်သုံးဆီစျေးနှုန်းများကို မြင့်တက်မှုမရှိစေရေးအတွက် အိန္ဒိယအစိုးရအနေဖြင့် ရေနံချက်စက်ရုံများနှင့် စက်သုံးဆီ လက်လီအရောင်းဆိုင်များကို ရူပီး ၁.၂ ထရီလီယံ (အမေရိကန် ဒေါ်လာ ၁၂.၆ ဘီလီယံ) ပံ့ပိုးကူညီပေးခဲ့ကြောင်း အဆိုပါအရာရှိက ပြောကြားခဲ့သည်။
စီးပွားရေးပညာရှင်များ၏ သုံးသပ်ချက်အရ ရေနံနှင့် ဓာတ်မြေဩဇာစျေးနှုန်းများ ဆက်လက် မြင့်တက်နေပါက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ငွေကြေးဖောင်းပွမှုနှင့် အစိုးရ၏ ဘဏ္ဍာရေး အခြေအနေတို့ကို ထိခိုက်ကျဆင်းစေနိုင်ကြောင်း သိရသည်။ အထူးသဖြင့် နိုင်ငံအတွင်း၌ မိုးခေါင် ရေရှားမှုကို ဖြစ်ပေါ်စေတတ်သည့် အယ်လ်နီညို (El Nino) ရာသီဥတုဖြစ်စဉ်ကို ရင်ဆိုင်ရန် ပြင်ဆင်နေရချိန်တွင် ယခုကဲ့သို့ စျေးနှုန်းမြင့်တက်မှုဒဏ်ကိုပါ ပူးတွဲခံစားရနိုင်ခြင်း ဖြစ်သည်။
စီစဉ်ထားခြင်းမရှိသော အရေးပေါ်အသုံးစရိတ်များ ရှိနေသော်လည်း အစိုးရအနေဖြင့် ယခုနှစ်အတွက် အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုအသုံးစရိတ် (Capital Expenditure) ကို လျှော့ချသွားမည်မဟုတ်ကြောင်း၊ ပြည်တွင်းသုံးစွဲမှုအားကောင်းနေခြင်းကြောင့် လက်ရှိတွင် စီးပွားရေးတိုးတက်မှုအပေါ် ဖိအားသက်ရောက်နေသည်ဟု အစိုးရအဖွဲ့က ယူဆမှုမရှိကြောင်း အဆိုပါအရာရှိက ထပ်မံ ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် အစိုးရသည် ဗဟိုဘဏ်နှင့်ပူးပေါင်း၍ နိုင်ငံခြားရန်ပုံငွေများ ပြည်ပသို့ စီးထွက်မှုကို ပိတ်ဆို့ရန်နှင့် တန်ဖိုးကျဆင်းနေသော နိုင်ငံ၏ငွေကြေးကို ကာကွယ်ရန်အတွက် အစီအမံအမြောက်အမြားကို ကြေညာခဲ့ကြောင်းသိရသည်။ အစိုးရငွေတိုက်စာချုပ်များတွင် လာ ရောက် ရင်းနှီးမြှုပ်နှံသည့် နိုင်ငံခြားအဖွဲ့အစည်းများ၏ အမြတ်ခွန် (Capital Gains Tax) ကို ပယ်ဖျက် ရန် အိန္ဒိယအစိုးရ၏ ဆုံးဖြတ်ချက်သည် အိန္ဒိယနိုင်ငံအား Bloomberg ၏ Global Aggregate Index (ကမ္ဘာလုံးဆိုင်ရာအညွှန်းကိန်း) တွင် ပါဝင်လာစေရန် ကူညီပေးဖို့ ရည်ရွယ်ခြင်း ဖြစ်ကြောင်း အဆိုပါအရာရှိက ပြောကြားခဲ့သည်။
Source: Reuters, 9 June 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
