Main menu

အင်ဒိုနီးရှား ရူပီးယားငွေတန်ဖိုး လျော့ကျခြင်းက စားအုန်းဆီ ပို့ကုန်ရငွေ မြင့်တက်စေလျက်ရှိ

Powered by Drupal

    အင်ဒိုနီးရှားနိုင်ငံ၌ စားအုန်းဆီ ပို့ဆောင်ရမှု ပမာဏ ပိုမိုအားကောင်းလာခြင်း၊ ကမ္ဘာ့ စားအုန်းဆီ ဈေးနှုန်းမြင့်တက်ခြင်းနှင့် အမေရိကန်ဒေါ်လာထက် ရူပီးယားတန်ဖိုး သိသိသာသာ လျော့ကျလာခြင်းတို့ကြောင့် ယခုနှစ်တွင် စားအုန်းဆီကဏ္ဍမှ ပို့ကုန်ရငွေများ သိသိသာသာ မြင့်တက်ဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။

    အင်ဒိုနီးရှား၌ ၂၀၂၅ ခုနှစ်တွင် စားအုန်းဆီတင်ပို့ခြင်းမှ ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ၃၅.၈၇ ဘီလီယံခန့်ရှိပြီး ငွေလဲလှယ်နှုန်းအပြောင်းအလဲကြောင့် ပို့ကုန်လုပ်ငန်းရှင်များက ပို့ကုန် ရငွေ ပိုမိုရရှိမည်ဖြစ်သဖြင့် ယခု ၂၀၂၆ ခုနှစ်တွင် ပို့ကုန်ရငွေ ပိုမိုရရှိနိုင်ကြောင်း ယုံကြည်ထား သည်။

     အင်ဒိုနီးရှား စားအုန်းဆီအသင်း၏ အချက်အလက်များအရ စားအုန်းဆီ တင်ပို့ခြင်းမှ ပို့ကုန်ရငွေသည် ၂၀၂၆ ခုနှစ်၊ ပထမ ၃ လပတ် (ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်)တွင် အမေရိကန် ဒေါ်လာ ၉.၆၆ ဘီလီယံ ရရှိထားပြီး ၂၀၂၅ ခုနှစ်၊ ပထမ ၃ လပတ် (ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်)တွင် အမေရိကန်ဒေါ်လာ ၈.၇၅ ဘီလီယံရရှိထားသည့်အတွက် ကာလတူနှိုင်းယှဉ်ပါက ယခုနှစ်တွင် ၁၀.၄ % ခန့် ပိုမိုရရှိထားကြောင်း ဖော်ပြထားသည်။

    ယခုကဲ့သို့ ပို့ကုန်ရငွေများ ပိုမိုရရှိခြင်းမှာ ပို့ကုန်ပမာဏ မြင့်တက်ခြင်းနှင့် ဈေးနှုန်း ပိုမို ရရှိခြင်းတို့ကြောင့်ဖြစ်သည်။ ၂၀၂၅ ခုနှစ်၊ ပထမ ၃ လပတ်တွင် စားအုန်းဆီ တစ်တန်ပျမ်းမျှ ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၁၂၃၀ သာ ရရှိခဲ့ပြီး ယခု ၂၀၂၆ ခုနှစ်၊ ပထမ ၃ လပတ်တွင် တစ်တန် ပျမ်းမျှဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၁၃၅၆ ထိရရှိခဲ့သည်။

    ထို့ပြင် ရူပီးယား တန်ဖိုး လျော့ကျခြင်းသည်လည်း ပို့ကုန်ရငွေ ပိုမိုရရှိစေသည့် နောက်ထပ် အကြောင်းအရင်းတစ်ရပ်ဖြစ်သည်။ ၂၀၂၅ ခုနှစ်တွင် အမေရိကန်တစ်ဒေါ်လာလျှင် အင်ဒိုနီးရှား ရူပီး ၁၆၀၀၀ ရှိပြီး ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ၃၅ ဘီလီယံခန့်သည် ရူပီးယား သုံးစွဲမှု ၅၉၀ ထရီလီယံ ခန့်နှင့်ညီမျှခဲ့သည်။ ယခုအခါ အမေရိကန်တစ်ဒေါ်လာလျှင် ရူပီးယား ၁၇၀၀၀ ခန့် ငွေလဲနှုန်းရှိသည့်အတွက် ပို့ကုန်ရငွေ ဒေါ်လာများကို ရူပီးယား ပြောင်းလဲလိုက်ပါက ယခင်နှစ် ထက် ပိုမိုမြင့်တက် ရရှိလာမည်ဖြစ်ကြောင်း အင်ဒိုနီးရှား စားအုန်းဆီအသင်းမှ စိုက်ခင်းကိစ္စရပ် ဆိုင်ရာ ဌာနမှူး Aziz Hidayat က  ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

    စားအုန်းဆီလုပ်ငန်းဆိုင်ရာ လေ့လာရေးအဖွဲ့များ၏ အချက်အလက်များအရ အင်ဒိုနီးရှား သည်  ၂၀၂၆ ခုနှစ်၊ ပထမ ၃ လပတ်တွင် စားအုန်းဆီ တန်ချိန် ၁၅.၅၆ မီလီယံခန့် ထုတ်လုပ် ထားရာ ၂၀၂၅ ခုနှစ်၊ ပထမ ၃ လပတ်တွင် စားအုန်းဆီ တန်ချိန် ၁၃.၁၃ မီလီယံသာ ထုတ်လုပ် ခဲ့သည့်အတွက် ကာလတူနှိုင်းယှဉ်ပါက ယခုနှစ်က ၁၈.၄၄ % ခန့် ထုတ်လုပ်မှု မြင့်တက်လာ ကြောင်း ဖော်ပြထားသည်။

    ၂၀၂၆ ခုနှစ်၊ ပထမ ၃ လပတ်တွင် စားအုန်းဆီကြမ်း (CPO) တင်ပို့မှုပမာဏသည် တန်ချိန် ၈.၅၅ မီလီယံရှိပြီး ၂၀၂၅ ခုနှစ်၊ ပထမ ၃ လပတ်တွင် တန်ချိန် ၇.၆၄ မီလီယံသာရှိသည့်အတွက် ကာလတူနှိုင်းယှဉ်ပါက ယခုနှစ်တွင် ၁၁.၉၁ % မြင့်တက်လာခဲ့သည်။ အလားတူ ပြည်တွင်း စားအုန်းဆီ အသုံးပြုမှုအနေဖြင့်လည်း ၂၀၂၆ ခုနှစ်၊ ပထမ ၃ လပတ်တွင် တန်ချိန် ၆.၅၂ မီလီယံ ဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ပထမ ၃ လပတ်တွင် တန်ချိန် ၆.၀၇ မီလီယံသာရှိသည့်အတွက် ကာလတူ နှိုင်းယှဉ်ပါက ယခုနှစ်တွင် ၇.၄၇ % ခန့် ပိုမို သုံးစွဲလျက်ရှိသည်။

    ၂၀၂၆ ခုနှစ်၊ ပထမ ၃ လပတ်အတွင်း အင်ဒိုနီးရှား စားအုန်းဆီ ထုတ်လုပ်မှုနှင့် တင်ပို့မှု ပိုမိုမြင့်တက်လာခြင်း၊  ပြည်တွင်းဝယ်လိုအား ပိုမိုအားကောင်းလာခြင်းတို့က စားအုန်းဆီ ကဏ္ဍ တစ်ခုလုံးတွင် ယုံကြည်မှု ခိုင်မာအားကောင်းလာစေပြီး  ၂၀၂၆ ခုနှစ်သည်  ၂၀၂၅ ခုနှစ်ထက် ထုတ်လုပ်မှု၊ တင်ပို့မှုနှင့် ပြည်တွင်း ဝယ်လိုအား ပိုမိုနိုင်ကြောင်း  ယူဆထားကြသည်။

    အင်ဒိုနီးရှားအစိုးရက စားအုန်းဆီ အချိုးအစား ၅၀ % ပါဝင်သည့် ဇီဝဒီဇယ်ဆီ (B50) စတင် ထုတ်လုပ်ရေး စီစဉ်ဆောင်ရွက်နေသောကြောင့် ယခုနှစ်တွင် ပြည်တွင်း လိုအပ်ချက် မြင့်တက် လာသော်လည်း ထုတ်လုပ်မှုနှင့် တင်ပို့မှုသည်လည်း ယခုနှစ်သည် ယခင်နှစ်ထက် ပိုမိုနိုင်ကြောင်း လေ့လာသူများက ယူဆကြသည်။

    အင်ဒိုနီးရှားတွင် ၂၀၂၆ ခုနှစ်၊ မတ်လတွင် စားအုန်းဆီ ထုတ်လုပ်မှုနှင့် တင်ပို့မှု နှစ်မျိုးစလုံး တိုးတက်မှုရှိခဲ့သည်။ မတ်လကဲ့သို့ ယခုနှစ် ဒီဇင်ဘာလအထိ တိုးတက်မှု ဆက်လက်ဖြစ်ပေါ်မည် ဆိုပါက ၂၀၂၆ ခုနှစ်၏ အောင်မြင်မှုသည် ၂၀၂၅ ခုနှစ်ထက် ပိုမိုသာလွန်မည်ဖြစ်ကြောင်း အင်ဒိုနီးရှား စားအုန်းဆီအသင်းမှ စိုက်ခင်းကိစ္စရပ်ဆိုင်ရာဌာနမှူး Aziz Hidayat က ဆက်လက်ပြောကြားခဲ့ သည်။

     အင်ဒိုနီးရှားသည် ကမ္ဘာ့စားအုန်းဆီ အများဆုံး ထုတ်လုပ်ပြီး အများဆုံးတင်ပို့သည့် နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ စားအုန်းဆီသည် အင်ဒိုနီးရှားအတွက် ပို့ကုန်ရငွေနှင့်နိုင်ငံခြားငွေ အများဆုံး ရရှိသည့် အဓိက အရင်းအမြစ်တစ်မျိုးကြောင်း ဖော်ပြပါရှိပါကြောင်း သိရှိရသည်။

     အချုပ်အားဖြင့် အင်ဒိုနီးရှားသည် ကမ္ဘာ့စားအုန်းဆီကို အများဆုံး ထုတ်လုပ်ပြီး အများဆုံး တင်ပို့လျက်ရှိကြောင်း၊ စားအုန်းဆီ တင်ပို့ခြင်းဖြင့် နိုင်ငံခြားငွေ အများဆုံးရရှိလျက်ရှိကြောင်း၊ ၂၀၂၆ ခုနှစ်တွင် အင်ဒိုနီးရှား၏ စားအုန်းဆီ ထုတ်လုပ်မှု၊ တင်ပို့မှုနှင့် ပြည်တွင်း သုံးစွဲမှု မြင့်တက် နိုင်ကြောင်း၊ ရူပီးယားငွေတန်ဖိုးသည် ဒေါ်လာထက် လျော့ကျခြင်းကြောင့် စားအုန်းဆီ တိုးမြှင့် တင်ပို့ခြင်းမှ ရရှိသည့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာကို ပြည်တွင်း ရူပီးယားငွေကြေးဖြင့် လဲလှယ်ပါက စားအုန်းဆီ ထုတ်လုပ်သူများနှင့် ကုန်သည်များက ရငွေ ပိုမိုရရှိမည်ဖြစ်သဖြင့် ပို့ကုန် ရငွေများ တိုးမြင့်ရရှိမည်ဖြစ်ကြောင်းနှင့် ၂၀၂၆ ခုနှစ်၊ မတ်လ တစ်လတည်းကပင် အင်ဒိုနီးရှား၏ စားအုန်းဆီ ထုတ်လုပ်မှုနှင့် တင်ပို့မှု နှစ်မျိုးစလုံးတွင် တိုးတက်မှု ဖြစ်ပေါ်ခဲ့သည့်အတွက် အဆိုပါ မတ်လအတိုင်း လာမည့်လာများအတွင်း တိုးတက်မှု ရရှိမည်ဆိုပါက ၂၀၂၆ ခုနှစ်၏ အောင်မြင်မှု သည် ၂၀၂၅ ခုနှစ်ထက် ပိုမိုသာလွန်မည်ဖြစ်သည်ကို စားအုန်းဆီဆိုင်ရာ လေ့လာသူများက ခန့်မှန်း ထားခြင်းဖြစ်ကြောင်း သိရှိရသည်။

Source : AGARWAL RESEARCH, 6th June 2026

Ukr Agro Consult, 5th June2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)