Main menu

ကမ္ဘာ့ရော်ဘာဈေးနှုန်း တစ်ကီလိုဂရမ်လျှင် အိန္ဒိယရူပီး ၃၀၀ အထိ စံချိန်တင်မြင့်တက်

Powered by Drupal

       ကမ္ဘာ့သဘာဝရော်ဘာ ဈေးနှုန်းများသည် သမိုင်းမှတ်တမ်းကာလတစ်လျှောက် အမြင့်မား ဆုံးအဖြစ် တစ်ကီလိုဂရမ်လျှင် အိန္ဒိယရူပီးငွေ ၃၀၀ နှုန်းကို ပထမဆုံးအကြိမ် ကျော်လွန်လျက် စံချိန်အသစ် တင်ခဲ့ပြီဖြစ်ကြောင်း အိန္ဒိယနိုင်ငံ၊ ကီရာလာပြည်နယ်အခြေစိုက် Mathrubhumi သတင်းမီဒီယာက ဇွန် ၉ ရက်နေ့တွင် ဖော်ပြပါသည်။

      ထိုင်းနိုင်ငံ၊ ဗန်ကောက်ဈေးကွက်တွင် သဘာဝရော်ဘာ စံပြုဈေးနှုန်းများသည် ဇွန် ၅ ရက် နေ့၌ တစ်ကီလိုဂရမ်လျှင် ၃၀၁.၂၅ ရူပီးနှုန်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ရာမှ ဇွန် ၆ ရက်တွင် တစ်ကီလိုဂရမ်လျှင် ၃၀၄.၆၂ ရူပီးနှုန်းသို့ ထပ်မံမြင့်တက်ခဲ့သည်။ ထို့နောက် ဇွန် ၈ ရက်နေ့၌ ဈေးကွက်ပိတ်သိမ်းချိန်တွင် တစ်ကီလိုဂရမ်လျှင် ၂၉၇.၅၇ ရူပီးနှုန်းသို့ အနည်းငယ်ပြန်လည်ကျ ဆင်းခဲ့သည်။

      ထိုကဲ့သို့ ထင်မှတ်မထားဘဲ ရော်ဘာဈေးနှုန်းမြင့်တက်လာခြင်းသည် ၂၀၂၆ ခုနှစ် နှစ်အစ ပိုင်း၌ တစ်ကီလိုဂရမ်လျှင် ၁၉၁.၈၅ ရူပီးနှုန်းရှိခဲ့ရာမှ ၆ လတာအတွင်း ၅၈.၇၈ ရာခိုင်နှုန်းအထိ တစ်ဟုန်ထိုး တိုးတက်လာသည့် ဖြစ်ရပ်တစ်ခုပင် ဖြစ်သည်။ ယခုကဲ့သို့ ကမ္ဘာနှင့်အဝှမ်း အရောင်း အဝယ် သွက်လက်လာခြင်း၏ အဓိကတွန်းအားမှာ စက်မှုလုပ်ငန်းများ၌ ဝယ်လိုအား သိသာစွာ တိုးတက်လာမှုနှင့် ရော်ဘာထုတ်လုပ်မှု တစ်စတစ်စ လျော့ပါးလာမှုတို့အကြား ကွာဟချက်ကြီးမား လာခြင်းကြောင့်ပင်ဖြစ်သည်။

       သဘာဝရော်ဘာ ထုတ်လုပ်သည့်နိုင်ငံများအသင်း (ANRPC) ၏ အချက်အလက်များအရ ကမ္ဘာ့ သဘာဝရော်ဘာ ထုတ်လုပ်မှုသည် ၂၀၂၆ ခုနှစ်တွင် ၂.၂ ရာခိုင်နှုန်းကျဆင်းလျက် တန်ချိန် ၁၅.၃၂ သန်းသာ ထွက်ရှိမည်ဟု ခန့်မှန်းထားသည်။ သို့သော် ကမ္ဘာတစ်ဝန်း၌ သုံးစွဲမှုမှာ ရောင်း လိုအားထက် ကျော်လွန်လျက် ၁.၄ ရာခိုင်နှုန်းတိုးတက်ပြီး တန်ချိန် ၁၅.၆၀ သန်းရှိမည်ဟု ခန့်မှန်း ထားရာ ရလဒ်အားဖြင့် ဈေးကွက်၌ သိသာထင်ရှားသော လိုအပ်ချက်ကို ဖြစ်ပေါ်လျက်ရှိသည်။

      ထိုင်း၊ မလေးရှားနှင့် ဗီယက်နမ် အပါအဝင် အရှေ့တောင်အာရှနိုင်ငံများ၌ အကြောင်းအရင်း များစွာက ရော်ဘာထုတ်လုပ်မှုအပေါ် အကြီးအကျယ် ထိခိုက်မှု ဖြစ်ပေါ်စေခဲ့သည်။ ပြင်းထန်သော ဆောင်းရာသီဥတုမှ အချိန်အခါမဟုတ် မုတ်သုံမိုးများ ရွာသွန်းသည့်အခြေအနေသို့ ရုတ်ခြည်း ပြောင်းလဲမှုသည် သဘာဝရော်ဘာ အဓိကစိုက်ပျိုးရာဒေသများ၌ ရော်ဘာအစေးခြစ်သည့် နေ့ရက် များကို သိသိသာသာ လျော့နည်းစေခဲ့သည်။

       အရှေ့အလယ်ပိုင်းဒေသတွင် ပဋိပက္ခဖြစ်ပွားမှု အရှိန်မြင့်တက်လျက်ရှိခြင်းက ကမ္ဘာ့ရေနံ ဈေးနှုန်းများကို မြင့်တက်စေပြီး ရေနံဓာတု ဘေးထွက်ထုတ်ကုန်ဖြစ်သော Synthetic Rubber ခေါ် လူလုပ်ရော်ဘာ၏ ထုတ်လုပ်မှုစရိတ်များသည်လည်း လိုက်ပါမြင့်တက်လျက်ရှိသည်။

      ထိုသို့ လူလုပ်ရော်ဘာ စရိတ်ကြီးမြင့်လာမှုအရ ကမ္ဘာတစ်ဝန်းရှိ မော်တော်ယာဉ်တာယာ ထုတ်လုပ်သူများသည် သဘာဝရော်ဘာ ဝယ်ယူရေးသို့ လျင်မြန်စွာ ပြောင်းလဲလုပ်ဆောင်လာကြ ရာ သဘာဝရော်ဘာ ဝယ်လိုအား မြင့်မားလာခဲ့သည်။ ထို့အပြင် ကမ္ဘာ့ ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်၌ သင်္ဘောတင်ပို့မှု ကြန့်ကြာခြင်းများနှင့် ဆိုးရွားသော ကုန်သွယ်ပို့ဆောင်ရေး အသွား အလာ ပိတ်ဆို့မှုများကို ရင်ဆိုင်နေရခြင်းကလည်း ဒေသတွင်းထွက်ရှိသည့် သဘာဝရော်ဘာ ဈေးနှုန်းများကို ပရီမီယံအဆင့်သို့ မြင့်တက်မှုဖြစ်စေလျက်ရှိသည်။

      နိုင်ငံတကာဈေးကွက်၌ ဈေးနှုန်းမြင့်မားလာမှုနှင့်အတူ အိန္ဒိယပြည်တွင်း ဈေးကွက်တွင် လည်း ရော်ဘာဈေးနှုန်းများ လိုက်ပါမြင့်တက်လာခဲ့ရာ ပရီမီယံအဆင့် RSS-4 ရော်ဘာသည် ဇွန်လ ပထမရက်သတ္တပတ်၌ တစ်ကီလိုဂရမ်လျှင် ၂၆၇ ရူပီးနှုန်းသို့ ရောက်ရှိခဲ့သည်။ ယခုနှစ် နှစ်ဆန်း ပိုင်း၌ ဖြစ်ပေါ်ခဲ့သော တစ်ကီလိုဂရမ်လျှင် ၁၈၅ ရူပီးနှုန်းနှင့် နှိုင်းယှဉ်ပါက ၄၈.၂၄ ရာခိုင်နှုန်းအထိ အခိုင်အမာ မြင့်တက်လာခြင်းပင်ဖြစ်သည်။

       ဤသို့ ဈေးနှုန်းမြင့်မားမှုက အိန္ဒိယပြည်တွင်း ရော်ဘာအဓိကစိုက်ပျိုးရာ နယ်မြေဒေသ များတွင် မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုများကြောင့် လုပ်ငန်းဆောင်ရွက်မှု မရှိခဲ့သော ရော်ဘာစိုက်ခင်းများ၌ အစေးခြစ်သည့်လုပ်ငန်းကို ပြန်လည်လုပ်ကိုင်စေရန် ဒေသခံ ရော်ဘာစိုက် တောင်သူများကို ဆွဲဆောင်လျက်ရှိကြောင်း သိရှိရသည်။

Source: Mathrubhumi, 9 June 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)