
မိုးညှင်းဒေသသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြသဖြင့် လယ်ယာလုပ်ငန်း ခွင်တွင် အသုံးပြုရန်လိုအပ်သည့် ခမောက်များသည်လည်း မရှိမဖြစ် လိုအပ်လာပြီး မိရိုးဖလာ လက်မှု ပညာများအဖြစ် ဒေသထုတ်ကုန်အနေဖြင့် ယက်လုပ်ကြသည်။
ယခုချိန်ခါသည် မိုးဦးကျကာလဖြစ်သောကြောင့် ရုံးခမောက်များကို ပိုမိုအသုံးပြုကြရသည်။ အဆိုပါရုံးခမောက်များပြုလုပ်သည့်ကုန်ကြမ်းများအနေဖြင့် မိုးညှင်းဒေသ၏ တောင်ယာခင်းများတွင် စိုက်ပျိုးထွက်ရှိသည့် ဝါးပိုးဝါးနှင့် ရုံးပင်များမှရရှိသည်။ ဝါးပိုးဝါးများကို ခွဲခြမ်းစိတ်ဖြာ၍ အကြမ်းထည် များပြုလုပ်ထားရှိကြပါသည်။ ရုံးပင်ရွက်များကို ရွှံ့နွံထူထပ်သည့် အင်းစပ် (သို့မဟုတ်) ရေမြောင်း များတွင် ဖိစိမ်ထားရပြီး ၁၀ရက်ခန့်ကြာသောအခါ ရုံးရွက်များကို ပြန်ဖော်ယူကာ ရေဖြင့်သန့်စင် အောင်ဆေးကြော၍ နေလှန်းခြင်း (သို့မဟုတ်) အခြောက်ခံထားရှိရပါသည်။ အနည်းငယ် ခြောက်သွေ့ သောအခါ ရက်လုပ်ထားသည့် အကြမ်းထည်တွင် ဖိညှပ်၍ အပ်ချည်ကြိုးဖြင့် ပတ်လည်ဝိုင်းချုပ်ပြီး ယက်လုပ်ကြပါသည်။
လက်မှုပညာရုံးခမောက်များအား အမျိုးသား၊ အမျိုးသမီး၊ ကလေး၊ လူကြီးကအစ ရာသီ မရွေး ထုတ်လုပ်ယက်လုပ်ကြသော်လည်း ယခုမိုးဦးကျကာလတွင် ဈေးကောင်း ရရှိသဖြင့် ပိုမိုယက်လုပ် ကြသည်။ လူတစ်ဦးလျှင် တစ်နေ့တာ ယက်လုပ်မှုအနေဖြင့် ရုံးခမောက် ၅ချပ်အထိ ယက်လုပ်နိုင်ပြီး မိုးတွင်းကာလဖြစ်သည့် ဇွန်၊ ဇူလိုင်၊ ဩဂုတ်လများတွင် ဝယ်လိုအားကောင်းသဖြင့် ဈေးကောင်းရရှိကာ ရုံးခမောက် (အကြီး)၁ချပ်လျှင် ၈၅၀၀ကျပ်မှ ၁၀၀၀၀ကျပ်၊ (အလတ်)၁ချပ်လျှင် ၅၀၀၀ကျပ်မှ ၇၀၀၀ကျပ်၊ (အသေး) ၁ချပ်လျှင် ၃၀၀၀ကျပ်မှ ၄၅၀၀ကျပ် ဈေးနှုန်းဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း သိရသည်။
မိုးညှင်းဒေသရှိ ရုံးခမောက်ယက်လုပ်သည့်မိသားစုဝင်များသည် လက်မှုပညာအသုံးပြုကာ ရုံးခမောက်များ ယက်လုပ်ထုတ်လုပ်မှုမှ ရရှိသော ဝင်ငွေများကြောင့် အကျိုးအမြတ်များရရှိပြီး မိရိုး ဖလာ သားစဉ်မြေးဆက်အထိ ရုံးခမောက်ယက်လုပ်သည့် လက်မှုလုပ်ငန်း အတတ်ပညာလည်း မပျောက်ကွယ်စေရန် ဆက်လက်ထိန်းသိမ်းရင်းဖြင့် မိသားစုအပိုဝင်ငွေတိုးတက်ရရှိကြောင်း သိရှိ ရပါသည်။
DOCA(ကချင်)
