
ဗီယက်နမ်နိုင်ငံသည် ယခုနှစ်ဇန်နဝါရီမှ မေလအထိကာလအတွင်း ငရုတ်ကောင်းတန်ချိန် ၁၂၂,၆၀၀ တန်တင်ပို့ရာမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၇၈၉.၂ သန်း ရရှိခဲ့ကြောင်း ဗီယက်နမ် ငရုတ်ကောင်းနှင့် ဟင်းခတ်အမွှေးအကြိုင်အသင်း (Vietnam Pepper and Spice Association) က ထုတ်ပြန်ခဲ့ပါသည်။ ၎င်းမှာ ယခင်နှစ် တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ပမာဏတွင် ၂၁.၇ ရာခိုင်နှုန်းနှင့် တန်ဖိုးတွင် ၁၃.၉ ရာခိုင်နှုန်း တိုးတက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ သို့သော် မေလတစ်လတည်းအတွင်း ငရုတ်ကောင်းတင်ပို့မှုမှာ တန်ချိန် ၂၅,၁၈၀ နှင့် တန်ဖိုး အမေရိကန် ဒေါ်လာ ၁၆၆.၂ သန်းသာရရှိခဲ့ပြီး ဧပြီလနှင့်နှိုင်းယှဉ်ပါက ပမာဏတွင် ၁၈.၉ ရာခိုင်နှုန်းနှင့် တန်ဖိုးတွင် ၁၃.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။ ယခင်နှစ်မေလနှင့်နှိုင်းယှဉ်လျှင်လည်း တင်ပို့သည့်ပမာဏတွင် ၄.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။ အဓိကတင်ပို့သည့် ကုမ္ပဏီများ၏တင်ပို့မှုမှာလည်း လျော့နည်းလာခဲ့ပြီး ကဏ္ဍတစ်ခုလုံးတွင် အရှိန်လျော့ကျမှုကို ထင်ဟပ်စေခဲ့ကြောင်း သိရပါသည်။ အမေရိကန်နိုင်ငံသည် ဗီယက်နမ်ငရုတ်ကောင်း၏ အကြီးဆုံး ဝယ်ယူသူအဖြစ် ဆက်လက်ရပ်တည်နေသော်လည်း မေလအတွင်းဝယ်ယူမှုပမာဏမှာ ဧပြီလထက် ၁၉ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ကြောင်း သိရပါသည်။ သို့ရာတွင် စုစုပေါင်းတင်ပို့မှု၏ ၂၃ ရာခိုင်နှုန်းကျော်ကို ဆက်လက်ပိုင်ဆိုင်ထားကြောင်း သိရပါသည်။ ယူအေအီးသည် ဒုတိယ အကြီးဆုံးဈေးကွက်အဖြစ် တည်ငြိမ်သောဝယ်လိုအားကို ထိန်းသိမ်းထားခဲ့ကြောင်း သိရပါသည်။ တရုတ်နိုင်ငံ၏ ဝယ်ယူမှုပမာဏမှာ တန်ချိန် ၁,၅၁၂ ဖြင့် ၆၆.၈ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ၎င်းက မေလတင်ပို့မှု လျော့ကျရခြင်း၏ အဓိကအကြောင်းရင်းဖြစ်ကြောင်း သိရပါသည်။ အိန္ဒိယ၊ ဂျာမနီ၊ နယ်သာလန်၊ တူရကီနှင့် ထိုင်းနိုင်ငံများမှလည်း ဝယ်ယူမှုကောင်းမွန်ခဲ့ပြီး ဥရောပဈေးကွက်မှာ တည်ငြိမ်မှုရှိသည့်ဒေသဖြစ်ခဲ့ကြောင်း သိရပါသည်။ ပထမငါးလအတွင်း တိုးတက်မှု မှာ ပထမသုံးလပတ်နှင့် ဒုတိယသုံးလပတ်အစောပိုင်းကာလများတွင် အဓိကဈေးကွက်များမှ ဝယ်လိုအားမြင့်တက်လာခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာရောင်းလိုအားကန့်သတ်မှုများကြောင့်ဖြစ်ပေါ်ခဲ့ ခြင်းဖြစ်ကြောင်း သိရပါသည်။ အမေရိကန်နိုင်ငံသည် ငါးလအတွင်း တန်ချိန် ၃၀,၀၀၀ နီးပါး ဝယ်ယူခဲ့ပြီး စုစုပေါင်းတင်ပို့မှု၏ ၂၄.၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ကာ ယခင်နှစ်ထက် ၃၀.၂ ရာခိုင်နှုန်း တိုးတက်ခဲ့သဖြင့် တိုးတက်မှုအတွက် အဓိကမောင်းနှင်အားဖြစ်ခဲ့ကြောင်း သိရပါသည်။ ဒေသအလိုက်ဆိုပါက အာရှသည် တန်ချိန် ၅၆,၅၇၀ ဖြင့် စုစုပေါင်းပမာဏ၏ ၄၆ ရာခိုင်နှုန်းကို ဝယ်ယူခဲ့ကာ ယခင်နှစ်တူညီသည့်ကာလထက် ၂၄ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါသည်။ တရုတ်နိုင်ငံ၏ ဝယ်ယူမှုပမာဏမှာ တန်ချိန် ၁၄,၆၃၆ ဖြင့် ၁၄၅.၄ ရာခိုင်နှုန်း တိုးတက်ကာ ဒုတိယအကြီးဆုံးဈေးကွက်ဖြစ်လာခဲ့ပြီး ထိုင်းနိုင်ငံ၏ဝယ်ယူမှုမှာလည်း ၁၃၃.၈ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါသည်။ ဥရောပသို့တင်ပို့မှုမှာ တန်ချိန် ၂၅,၁၇၆ ရှိခဲ့ပြီး ၅.၁ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါသည်။ နယ်သာလန်နိုင်ငံ၏ ပြန်လည်တင်ပို့ရန် ဝယ်လိုအားမြင့်တက်လာမှုကြောင့် ဝယ်ယူမှု ၅၁.၆ ရာခိုင်နှုန်း တိုးတက်ခဲ့သော်လည်း ဂျာမနီနိုင်ငံ၏ ဝယ်ယူမှုမှာ ၃၀.၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် ဗီယက်နမ်၏ ငရုတ်ကောင်း တင်သွင်းမှုမှာလည်း မြင့်တက်လာခဲ့ကြောင်း သိရပါသည်။ မေလအတွင်း တန်ချိန် ၈,၇၄၅ တင်သွင်းခဲ့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၄၉.၈ သန်းရှိကာ ဧပြီလနှင့်နှိုင်းယှဉ်ပါက ပမာဏတွင် ၇.၄ ရာခိုင်နှုန်းနှင့် တန်ဖိုးတွင် ၆ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါသည်။ ပထမငါးလအတွင်း စုစုပေါင်းတင်သွင်းမှုပမာဏမှာ တန်ချိန် ၃၈,၀၈၆ နှင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၂၁၇.၈ သန်း ရှိခဲ့ပြီး ပမာဏတွင် ၆၉ ရာခိုင်နှုန်းနှင့် တန်ဖိုးတွင် ၆၀ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံသည် ဗီယက်နမ်၏ အဓိကငရုတ်ကောင်း ပေးသွင်းသူအဖြစ် ရပ်တည်နေပြီး စုစုပေါင်းတင်သွင်းမှု၏ ၅၄.၆ ရာခိုင်နှုန်းကို ပံ့ပိုးပေးခဲ့ကြောင်း သိရပါသည်။ ကမ္ဘောဒီးယားမှ တင်သွင်းမှုမှာ ယမန်နှစ်ထက် ၃၄၄.၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထို့အပြင် ဗီယက်နမ်၏သစ်ကြံပိုးခေါက် တင်ပို့မှုမှာလည်း တိုးတက်ခဲ့ပြီး ပထမငါးလအတွင်း တန်ချိန် ၄၈,၆၈၆ တင်ပို့ကာ အမေရိကန်ဒေါ်လာ ၁၂၄.၃ သန်း ရရှိခဲ့ကြောင်း သိရပါသည်။ ၎င်းမှာ ယခင်နှစ်ထက် ပမာဏတွင် ၂ ရာခိုင်နှုန်းနှင့် တန်ဖိုးတွင် ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ သစ်ကြံပိုးခေါက် တင်ပို့မှုတွင် အာရှဒေသက စုစုပေါင်းပမာဏ၏ ၆၇.၈ ရာခိုင်နှုန်းကို ဝယ်ယူခဲ့သော်လည်း ယခင်နှစ်ထက် ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံ၏ ဝယ်ယူမှုမှာ ၉.၈ ရာခိုင်နှုန်း တိုးတက်ခဲ့သော်လည်း ယူအေအီးနှင့် တရုတ်နိုင်ငံတို့၏ ဝယ်ယူမှုမှာ ၃၂.၅ ရာခိုင်နှုန်းနှင့် ၃၈.၇ ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့ကြောင်း သိရပါသည်။ အမေရိကတိုက်သို့ တင်ပို့မှုမှာ ၃၅ ရာခိုင်နှုန်း မြင့်တက်လာပြီး စုစုပေါင်း၏ ၂၂.၄ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ကြောင်း သိရပါသည်။ အမေရိကန်နိုင်ငံက တန်ချိန် ၆,၈၉၂ ဝယ်ယူခဲ့ပြီး ၂၅.၄ ရာခိုင်နှုန်း တိုးတက်ခဲ့သဖြင့် အာရှဈေးကွက် ကျဆင်းမှုကို အတန်အသင့် ထိန်းညှိပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။
Vietnam Plus
DOCA (ရန်ကုန်)
