Main menu

ဆန်တင်ပို့မှုထက် ပိုမိုကျယ်ပြန့်သော အာဆီယံထောက်ပံ့ရေးကွင်းဆက်များတွင် ဗီယက်နမ်၏ အခန်းကဏ္ဍ ပိုမိုနက်ရှိုင်းလာ

Powered by Drupal

       ဗီယက်နမ်ကုမ္ပဏီများသည် လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုအတွင်းက အာဆီယံစျေးကွက်များသို့ အသေးစားတင်ပို့မှုအဆင့်မှ ကျော်လွန်လုပ်ဆောင်လာခဲ့ကြပြီး ပိုမိုကြီးမားသော တိုးတက်မှုအခွင့်အလမ်းများကို ရှာဖွေရန်အတွက် ဒေသတွင်းထောက်ပံ့ရေးကွင်းဆက်များ (Supply chains) တွင် ပိုမိုပူးပေါင်းပါဝင်လာကြကြောင်း သိရသည်။

          Phuong Dong Food Co (Orico) ကုမ္ပဏီသည် ၂၀၁၅ ခုနှစ်မတိုင်မီက ဖိလစ်ပိုင်နိုင်ငံသို့ တစ်နှစ်လျှင် ဆန်တန်ချိန်အနည်းငယ်သာ တင်ပို့ခဲ့သော်လည်း ပြီးခဲ့သည့်နှစ်တွင် တင်ပို့မှုပမာဏမှာ တန်ချိန် ၃၅၀,၀၀၀ ကျော်အထိ ရှိလာခဲ့ပြီး ဖိလစ်ပိုင်သို့ ဆန်အများဆုံးတင်ပို့သည့် အကြီးဆုံး ဗီယက်နမ်ကုမ္ပဏီကြီး ၄ ခုအနက် တစ်ခုဖြစ်လာခဲ့ကြောင်း သိရသည်။

          အဆိုပါကုမ္ပဏီ၏ CEO ဖြစ်သူ Nguyen Viet Anh က လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုက ဖိလစ်ပိုင်စျေးကွက်တွင် ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့၏ ပြိုင်ဆိုင်မှုမှာ မျှတနေပြီး စျေးကွက်ဝေစုကို တစ်ဝက်စီနီးပါး ခွဲဝေယူထားခဲ့ကြကြောင်း ပြောကြားခဲ့သည်။

         ယခုအချိန်တွင် ဗီယက်နမ်နိုင်ငံက အသာစီးရနေပြီဖြစ်ပြီး တရားဝင်အချက်အလက်များအရ လက်ရှိတွင် ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှု စုစုပေါင်း၏ ၈၅ ရာခိုင်နှုန်း မှာ ဗီယက်နမ်နိုင်ငံမှ လာခြင်းဖြစ်သည်။

         Anh က ဤအောင်မြင်မှုသည် ဗီယက်နမ်နိုင်ငံ၏ ပြည်တွင်းဆန်စပါးမျိုးကွဲများ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်မှုကြောင့်ဖြစ်ပြီး ၎င်းတို့၏ထုတ်ကုန်များသည် စျေးကွက်ဝယ်လိုအားနှင့် ပိုမိုကိုက်ညီလာစေခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။

         ထို့အပြင် ဗီယက်နမ်၏ ပထဝီဝင်အနေအထားအရ နီးကပ်မှုသည်လည်း ဖိလစ်ပိုင်နိုင်ငံသို့ ကုန်ပစ္စည်းများရောက်ရှိရန် ၇ ရက်မှ ၁၂ ရက်သာ ကြာမြင့်စေသဖြင့် ကုန်စည်ပို့ဆောင်ရေးနှင့် အရင်းအနှီးလည်ပတ်မှုအပိုင်းတွင် သိသာထင်ရှားသော အားသာချက်ကို ရရှိစေသည်။

          Orico ကုမ္ပဏီ၏ ဖြစ်စဉ်သည် ဗီယက်နမ်နှင့် အခြားအာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံကြားက ပိုမိုကျယ်ပြန့်လာသည့် စီးပွားရေးဆက်ဆံရေးပုံရိပ်ကို ထင်ဟပ်နေသည်။ ဗီယက်နမ်နှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုပမာဏသည် ၂၀၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၁.၅ ဘီလီယံရှိခဲ့ရာမှ ပြီးခဲ့သည့်နှစ်တွင် ဒေါ်လာ ၉၁ ဘီလီယံနီးပါးအထိ မြင့်တက်လာခဲ့သည်။ ဗီယက်နမ်နိုင်ငံ အာဆီယံသို့ စတင်ဝင်ရောက်ခဲ့သည့် ၁၉၉၅ ခုနှစ်ကတည်းက နှိုင်းယှဉ်လျှင် ၂၈ ဆ အထိ တိုးတက်လာခြင်းဖြစ်သည်။

       ဗီယက်နမ်စီးပွားရေးနှင့် မူဝါဒသုတေသနအဖွဲ့ (VEPR) ဒုတိယညွှန်ကြားရေးမှူး Nguyen Quoc Viet က အာဆီယံအတွင်း ဗီယက်နမ်၏ စီးပွားရေးအခြေအနေသည် လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုအတွင်း သိသိသာသာ တိုးတက်လာခဲ့ကြောင်း ပြောကြားခဲ့သည်။

          ယခင်က ASEAN-6 အုပ်စု (ဒေသတွင်း အကြီးဆုံး စီးပွားရေးနိုင်ငံ ၆ ခု) ၏ နောက်ကွယ်တွင် ကျန်ရစ်ခဲ့သော်လည်း ယခုအခါ ASEAN-4 အုပ်စုအနီးသို့ ရောက်ရှိလာခဲ့ပြီး အချို့သော စီးပွားရေးကဏ္ဍများတွင် စင်ကာပူ၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့နှင့်ပင် နှိုင်းယှဉ်နိုင်ပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။ ၎င်းသည် အာဆီယံအတွင်းရှိ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်များကို ထိရောက်စွာ အသုံးချနိုင်ခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။

           ဗီယက်နမ်သည် အာဆီယံနှင့် စတင်ပူးပေါင်းသည့် အစောပိုင်းကာလများတွင် ပို့ကုန်မြှင့်တင်ရန်ကိုသာ အဓိက ဦးတည်ခဲ့သော်လည်း ယခုအခါတွင်မူ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်၊ ဒေသတွင်း ကုန်ထုတ်လုပ်မှုကွင်းဆက်များတွင် ပူးပေါင်းပါဝင်ရန်နှင့် အာဆီယံ၏ ထောက်ပံ့ရေးကွန်ရက်တွင် အရေးပါသော ချိတ်ဆက်မှုတစ်ခုအဖြစ် တဖြည်းဖြည်းချင်း ဖြစ်လာစေရန်အထိ ရည်မှန်းချက်များ တိုးချဲ့လာခဲ့သည်။

           ဤအပြောင်းအလဲကို ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် နိုင်ငံတော်သမ္မတဖြစ်သူ To Lam မကြာသေးမီက စင်ကာပူ၊ ထိုင်းနှင့် ဖိလစ်ပိုင် နိုင်ငံများသို့ သွားရောက်ခဲ့သည့် ခရီးစဉ်များအတွင်း ရရှိခဲ့သော ရလဒ်များတွင် မြင်တွေ့နိုင်သည်။

            အင်ဒိုနီးရှားပြီးလျှင် အရှေ့တောင်အာရှတွင် ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်သော စင်ကာပူနှင့် ဗီယက်နမ်နိုင်ငံတို့သည် ထောက်ပံ့ရေးကွင်းဆက် ကြံ့ခိုင်မှုအားကောင်းစေရေး ပူးတွဲကြေညာချက်တစ်စောင်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်စည် ပို့ဆောင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စာရွက်စာတမ်းအချို့ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

          ထိုင်းနိုင်ငံတွင်မူ တန်ဖိုးနည်းလေကြောင်းလိုင်းဖြစ်သည့် Vietjet Air နှင့် အရှေ့ဘက် စီးပွားရေးစင်္ကြံရုံး (Eastern Economic Corridor Office) တို့သည် လေယာဉ်ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်းနှင့် လုပ်ငန်းလည်ပတ်ခြင်းဆိုင်ရာ စင်တာတစ်ခု ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးခဲ့ကြသည်။

       ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် ၎င်းတို့၏ ဆက်ဆံရေးကို အဆင့်မြှင့်တင်ထားသော မဟာဗျူဟာမြောက် မိတ်ဖက်အဖြစ် (Enhanced Strategic Partnership) သို့ မြှင့်တင်ခဲ့ကြပြီး နှစ်နိုင်ငံကုန်သွယ်မှုကို မကြာမီတွင် ဒေါ်လာ ၁၀ ဘီလီယံ အထိ မြှင့်တင်ရန် ပန်းတိုင်ချမှတ်ခဲ့ကြပါသည်။

          ထို့အပြင် ဒစ်ဂျစ်တယ်စီးပွားရေး၊ စိမ်းလန်းသောစီးပွားရေး (Green economy)၊ အဆင့် မြင့် နည်းပညာသုံး စိုက်ပျိုးရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ကဲ့သို့သော နယ်ပယ်အသစ်များတွင်လည်း ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။

          ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr. က ဗီယက်နမ်သည် ဖိလစ်ပိုင်နိုင်ငံအတွက် အရေးပါသော မိတ်ဖက်နိုင်ငံတစ်ခုဖြစ်ပြီး မိမိတို့နိုင်ငံ၏ ရိက္ခာဖူလုံမှုကို အထောက်အကူပြုပေးခဲ့သည့် နိုင်ငံဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Source : VN Express                                                                           

DOCA (ရန်ကုန်)