Main menu

ထိုင်းနိုင်ငံသည် စိုက်ပျိုးရေးထုတ်ကုန်များအား သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော ကုန်သွယ်မှုကျင့်ထုံးများအတွက် ပြင်ဆင်

Powered by Drupal

    ဥရောပသမဂ္ဂ၏ ရေရှည်တည်တံ့နိုင်မှုနှင့် စနစ်ကျသော စစ်ဆေးမှုဆိုင်ရာ စည်းမျဉ်းများသည် လက်ရှိကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များတွင်အရေးပါသော ကိစ္စရပ်များဖြစ် လာသည်နှင့်အမျှ ထိုင်းစိုက်ပျိုးရေး ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏ ထုတ်ကုန်များ သည် သစ်တောပြုန်းတီးမှု၊
တရားမဝင် မြေအသုံးပြုမှု သို့မဟုတ် အလုပ်သမားများအား ဆိုးရွားစွာ ပြုမှုဆက်ဆံသည့်အလေ့အကျင့်များနှင့် ဆက်စပ်မှုမရှိကြောင်း သက်သေပြရန်
ဖိအားများ တိုးလာနေသည်။

     ရလဒ်အနေဖြင့် ရော်ဘာနှင့်စားအုန်းဆီကဲ့သို့ အဓိက ပို့ကုန်ကဏ္ဍများအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း၊ အဆိုပါကဏ္ဍများ၏ ထောက်ပံ့ရေးကွင်းဆက်များတွင် လယ်သမားငယ်များ၊ ပွဲ စားများနှင့် ကျယ်ပြန့်၍ စုံလင်သောဒေသများရှိ စိုက်ခင်းမြေများ ပါဝင်လေ့ရှိကြောင်း၊ ထိုင်းနိုင်ငံအတွက် စိန်ခေါ်မှုမှာ
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းများပြည့်မီရန်နှင့် အဆိုပါစံနှုန်းများကို ယုံကြည်စိတ်ချရသော အချက်အလက်များဖြင့် ပံ့ပိုးပေးရန်ဖြစ်သည်။

      အဆိုပါကိစ္စရပ်အား ၂၈-၅-၂၀၂၆ ရက်နေ့တွင် ကျင်းပခဲ့သော ဆွေးနွေးပွဲတစ်ခုတွင် ပြန်လည်သုံးသပ်ခဲ့ပြီး ထိုင်းနိုင်ငံ၏ ရေရှည်တည်တံ့သော
နိုင်ငံတကာ ကုန်သွယ်မှုစံနှုန်းများနှင့် ကိုက်ညီနိုင်စွမ်းကို အားကောင်းလာစေရန် ရည်ရွယ်သည့် မူဝါဒ အကြံပြုချက်များကို ကြေညာ တင်သွင်းသည့် အခမ်းအနား၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    ထိုင်းနိုင်ငံ သဘာဝပတ်ဝန်းကျင်အဖွဲ့အစည်းနှင့် ထိုင်းနိုင်ငံ GIZ တို့က စီစဉ်သည့် FIT for FAIR Thailand စီမံကိန်းကဏ္ဍအောက်တွင် ဆွေးနွေးပွဲကို
ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် ဥရောပသမဂ္ဂ၏ ရေရှည်တည်တံ့သောကုန်သွယ်မှုဥပဒေများအတွက် ပြင်ဆင်ရန်နှင့် ပြောင်းလဲလာသော ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်ဆိုင်ရာ လိုအပ်ချက်များနှင့် လိုက်လျောညီထွေဖြစ်အောင် ထိုင်းစီးပွားရေးလုပ်ငန်းများကို ပံ့ပိုးသွားမည်ဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်းသည် အဓိကအားဖြင့် ဥရောပသမဂ္ဂ၏ သစ်တောပြုန်းတီးမှုဆိုင်ရာ စည်းမျဉ်းဥပဒေ (EUDR)နှင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များ လည်ပတ်ပုံကို ပြောင်းလဲနေသည့် ပိုမို ကျယ်ပြန့်၍ စနစ်ကျသော စစ်ဆေးမှုဆိုင်ရာ စည်းမျဉ်းများအတွက် ကြိုတင်ပြင်ဆင်နိုင်ရန် အဓိကထားဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

    ဆွေးနွေးပွဲအရ ထိုင်းနိုင်ငံသည် ရေရှည်တည်တံ့မှုနှင့် သစ်တောပြုန်းတီးမှုဆိုင်ရာ ကုန်သွယ်မှုစည်းမျဉ်းများအတွက် ပြင်ဆင်နေချိန်တွင် ယခုစီမံကိန်းသည် လယ်သမားများ၊ စီးပွားရေး လုပ်ငန်းများနှင့် အစိုးရအေဂျင်စီများကို သဘောတူညီမှုတစ်ခုတည်းသို့ ရောက်ရှိစေရန် ရည်ရွယ်ကြောင်း၊ ဆွေးနွေးပွဲ၏
ရည်ရွယ်ချက်မှာ ထိုင်းစိုက်ပျိုးရေးထုတ်ကုန်များသည် အဓိက ပို့ကုန်စျေးကွက်များသို့ ဆက်လက်ရောက်ရှိနိုင်ပြီး မလိုအပ်ဘဲ အနှောင့်အယှက်များ မဖြစ်ပေါ်စေရန်ဖြစ်သည်။

    EUDR အရ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏ ထုတ်ကုန်များသည် မကြာသေးမီက သစ်တောပြုန်းတီးသည့် မြေများမှ ထုတ်လုပ်ထားခြင်း
မဟုတ်ကြောင်းနှင့် သက်ဆိုင်ရာဥပဒေများနှင့် ကိုက်ညီကြောင်း သက်သေပြရမည်ဖြစ်သည်။ ယုံကြည်ရသော ခြေရာခံနိုင်မှုမရှိပါက ထိုင်းပို့ကုန်လုပ်ငန်းရှင်များသည် ဥရောပဝယ်လက်များထံမှ ပိုမိုခက်ခဲသောမေးခွန်းများ၊ စာရွက်စာတမ်းကုန်ကျစရိတ်များ တိုးလာခြင်း၊ တင်ပို့မှုနှောင့်နှေးခြင်း သို့မဟုတ်
စျေးကွက်အခွင့်အရေး ဆုံးရှုံးနိုင်ခြေတို့ကို ရင်ဆိုင်ရနိုင်သည်။

       စိုက်ပျိုးရေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏ အုပ်ချုပ်မှုဒါရိုက်တာ Dr. Suwit Chaikiattiyos က ထိုင်းနိုင်ငံသည် ခြေရာခံနိုင်မှုနှင့် ပထဝီတည်နေရာ အချက်အလက်များ ကို ပံ့ပိုးရန်အတွက် National EUDR Single Window ကို တီထွင်နေကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ပလက်ဖောင်းသည် ထောက်ပံ့ရေးကွင်းဆက်ဆိုင်ရာ အချက်အလက်များကို မှတ်တမ်း တင်ရန်၊ သစ်တောပြုန်းတီးမှုနှင့် တရားဝင်မှုဆိုင်ရာ စွန့်စားမှုများကို အကဲဖြတ်ရန်နှင့် စနစ်ကျသော စစ်ဆေးမှုဆိုင်ရာ အစီရင်ခံစာများ ပြင်ဆင်ရန် လုပ်ငန်းရှင်များအား အကူအညီပေးနိုင်မည်ဟု မျှော်လင့်ရသည်။

     သို့သော်လည်း လက်တွေ့တွင် ကြုံတွေ့နေရသော အခက်အခဲများသည် တောင်သူလယ်သမားများနှင့် အသေးစားစီးပွားရေးလုပ်ငန်းများအပေါ်သို့
ကျရောက်နိုင်ကြောင်း၊ တောင်သူလယ်သမားများသည် မြေစာရွက်စာတမ်းများကဲ့သို့ ၎င်းတို့၏မြေနှင့်ပတ်သက်သော အသေးစိတ် အချက်အလက်များ၊
ထုတ်လုပ်မှုနည်းလမ်းများနှင့် ဝယ်လက်များ အပါအဝင်အချက်အလက်များကို ထောက်ပံ့ပေးရန် တောင်းဆိုခံရနိုင်ကြောင်း၊ အသေးစား တောင်သူလယ်သမားအများစုအတွက် အထူးသဖြင့် ဒစ်ဂျစ်တယ်ကိရိယာများ အသုံးပြုခွင့် အကန့်အသတ်ရှိသူများအတွက် အဆိုပါလိုအပ်ချက်အသစ်များသည် ပို့ကုန်ထောက်ပံ့ရေးကွင်းဆက်များသို့ ဝင်ရောက်ရန် နောက်ထပ် အတားအဆီးတစ်ခု ဖြစ်လာနိုင်သည်။

      ရော်ဘာကဏ္ဍသည် စိန်ခေါ်မှု မည်မျှကြီးမားသည်ကို ပြသနေကြောင်း၊ ထိုင်းရော်ဘာ အာဏာပိုင်အဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ဒုတိယအုပ်ချုပ်ရေးမှူး Ditdadech Wattanaporn က အဆိုပါကဏ္ဍတွင် လယ်သမားများ၊ ကုန်သည်များ၊ ပြုပြင်ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များ ပါဝင်ပြီး အသေးစားလုပ်ကိုင်မှု အများအပြား ပါဝင်နေကြောင်း ပြောကြားခဲ့သည်။ Ditdadech Wattanaporn က Thai Track Traceability (ThaiTrac) အပါအဝင် ခြေရာခံနိုင်မှုစနစ်များကို လုပ်ဆောင်နေပြီး အချက်အလက်များ ချိတ်ဆက်ရန်နှင့် မတူညီသော စံနှုန်းများနှင့် ပတ်သက်၍ ရှုပ်ထွေးမှုများကို လျှော့ချရန် ကူညီလျက်ရှိသည်။

    Thai Eastern Group Holdings Plc မှ Worapong Cherngwiwatkitက ကုမ္ပဏီများသည် ပွဲစားများထံမှ ရောနှောထားသော ကုန်ကြမ်းများ၊
နောက်ကြောင်းမရှင်းသော မြေစာရွက် စာတမ်းများ၊ လယ်သမားများ၏ စာရွက်စာတမ်းဆိုင်ရာ စိုးရိမ်မှုများနှင့် အလုပ်သမားနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျင့်ထုံးများဆိုင်ရာ အချက်အလက်များ စုဆောင်းရန် လိုအပ်မှုတို့ကို ကိုင်တွယ်ဖြေရှင်းရမည်ဟု ပြောကြားခဲ့သည်။ အဆိုပါစိန်ခေါ်မှုများက
စည်းမျဉ်းလိုက်နာမှုသည် စက်ရုံ သို့မဟုတ် ပို့ကုန်အဆင့်တွင်သာ ကိုင်တွယ်၍မရနိုင်သည်ကို ညွှန်ပြနေကြောင်း၊ စည်းမျဉ်း လိုက်နာမှုသည် မကြာခဏ
အချက်အလက်များပြည့်စုံမှုမရှိသော သို့မဟုတ် အချက်အလက်များ ကွဲပြားနေသည့် လယ်ယာကဏ္ဍအဆင့်တွင် စတင်ရမည်ဖြစ်သည်။

     FIT for FAIR Thailand စီမံကိန်းသည် မူဝါဒအကြံပြုချက် ၁၄ ချက်နှင့် ကာလတို၊ကာလလတ်နှင့် ကာလရှည် အစီအမံများ ပါဝင်သော အမျိုးသား ခြေရာခံနိုင်မှု လမ်းပြမြေပုံကို ထုတ်ပြန်ခဲ့သည်။ အဆိုပါလမ်းပြမြေပုံသည် ပိုမိုကောင်းမွန်သော အချက်အလက်စနစ်များ၊ နိုင်ငံတော် အေဂျင်စီများအကြား ခိုင်မာသော ညှိနှိုင်းဆောင်ရွက်မှုနှင့် သဘာဝပတ်ဝန်းကျင်နှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များအတွက် စနစ်ကျသော စစ်ဆေးမှုကို ပံ့ပိုးရန် လိုအပ်သည်။ ထိုင်းနိုင်ငံ သဘာဝပတ်ဝန်းကျင် အဖွဲ့အစည်း၏ ဥက္ကဋ္ဌ Dr. Wijarn Simachaya ဦးဆောင်သော စီမံကိန်း လုပ်ငန်းအဖွဲ့တစ်ဖွဲ့သည် အဆိုပါမူဝါဒ အကြံပြုချက်များကို စိုက်ပျိုးရေးနှင့် သမဝါယမ ဝန်ကြီး ဌာန ဒုတိယအမြဲတမ်းအတွင်းဝန် Krit Uttamawetinထံသို့ တရားဝင်လွှဲပြောင်းပေးအပ်ခဲ့သည်။

    Source: Thai PBS World, 29 May 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)