Main menu

မှားယွင်းတွက်ချက်မှုနှင့် တုံ့ပြန်မှုနှေးကွေးခြင်းတို့ကြောင့် ဖြစ်ပေါ်လာရသည့် ဂျပန်နိုင်ငံ၏ ဆန် အကျပ်အတည်း

Powered by Drupal

    မကြာသေးမီက ဖြစ်ပွားခဲ့သော ဂျပန်နိုင်ငံ၏ ဆန်အကျပ်အတည်းသည် အစိုးရအနေဖြင့် အရန်ဆန်ပမာဏကို အမှန်တကယ်ထက် ပိုမိုတွက်ချက်ခဲ့မိခြင်း၊ အခြေအနေကို အချိန်ကိုက် သိရှိ နားလည်ရန် နှောင့်နှေးခဲ့ခြင်းနှင့် အရေးပေါ်အရန်ဆန်များကို ထုတ်ပေးရန် တုံ့ပြန်မှု နှေးကွေးခဲ့ ခြင်းတို့ကြောင့် ဖြစ်ကြောင်း ဂျပန်အစိုးရက သောကြာနေ့တွင် ကြေညာခဲ့သည်။   

    အစိုးရ၏ ပြောကြားချက်အရ အပူချိန်မြင့်မားမှုကြောင့် သီးနှံအထွက်နှုန်း မကောင်းခြင်း၊ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားများ ဝင်ရောက်မှုကြောင့် စားသုံးမှုမြင့်တက်လာခြင်းနှင့် ငလျင် ကြီးလှုပ်ခတ်နိုင်ခြေအတွက် ကြိုတင်ပြင်ဆင်သောအားဖြင့် အချို့က ဆန်များကို ဝယ်ယူစုဆောင်း ခြင်း အပါအဝင် ဝယ်လိုအားနှင့် ရောင်းလိုအား အကြောင်းရင်းများကြောင့် ၂၀၂၄ ခုနှစ် နွေရာသီ ဝန်းကျင်တွင် ဆန်ပြတ်လပ်မှုပြဿနာမှာ သိသာထင်ရှားလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ဆန်ထုတ်လုပ်မှုသည် လုံလောက်မှုရှိသည်ဟူသော အခြေခံယူဆချက်အပေါ် ယုံကြည်ခဲ့ ခြင်းကြောင့် အစိုးရအနေဖြင့် ဆန်ဖြန့်ဖြူးမှုအခြေအနေနှင့် ပတ်သက်သည့် သတင်းအချက် အလက်များကို တက်ကြွစွာ စုဆောင်းခြင်း မရှိခဲ့ဘဲ ယင်းကတစ်ဆင့် ဆန်ဈေးနှုန်းများ အလွန် အမင်း မြင့်တက်လာခြင်းဆီသို့ ဦးတည်စေခဲ့ခြင်းဖြစ်ကြောင်း The white paper တွင် ဖော်ပြ ထားသည်။

    ထိုသို့ ဆန်ပြတ်လပ်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် ပြည်သူလူထု၏ စိုးရိမ်ပူပန်မှုများကို လျော့ပါး သက်သာစေရန်နှင့် ဂျပန်နိုင်ငံ၏ အဓိကစားနပ်ရိက္ခာဖြစ်သော ဆန်၏ လက်လီဈေးနှုန်းများကို ပြန်လည်ကျဆင်းသွားစေရန်အတွက် အရေးပေါ်အသုံးပြုရန် သိုလှောင်ထားရှိသော အရန်ဆန် များကို ထုတ်ပေးရန် အစိုးရအား တွန်းအားပေးမှုများ ဖြစ်ပေါ်ခဲ့သည်။       

    သို့သော်လည်း အစိုးရအနေဖြင့် ထိုသို့ အရန်ဆန်များကို ထုတ်ပေးရန် အလွန် နှောင့်နှေးခဲ့ ကြောင်း ဝန်ခံခဲ့ပြီး ယင်းလုပ်ဆောင်ချက်သည် ဆန်လက်ကားဒိုင်များကြားရှိ စိုးရိမ်ပူပန်မှုများကို လျှော့ချပေးနိုင်ခြင်း မရှိခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။

    ၂၀၂၅ ခုနှစ်အတွင်း ပုဂ္ဂလိကကဏ္ဍမှ ဆန်တင်သွင်းမှုပမာဏသည် ယခင်နှစ်ထက် ၉၅ ဆ အထိ မြင့်တက်လာပြီး တန်ချိန် ၉၆,၈၃၄ သို့ ရောက်ရှိခဲ့ရာ ယင်းအခြေအနေကြောင့် ပြည်တွင်း ဆန်ထုတ်လုပ်မှုကဏ္ဍ ထိခိုက်နိုင်ကြောင်း အစိုးရက The white paper ၏ နှစ်ပတ်လည် (အစီရင်ခံစာ) တွင် သတိပေးခဲ့သည်။ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနသည် နိုင်ငံ၏ လူဦးရေလျော့နည်းလာမှုနှင့်အတူ ဆန်ဝယ်လိုအားနှင့် စားသုံးမှုလည်း လျော့ကျသွား လိမ့်မည်ဟု ခန့်မှန်းတွက်ချက်ခဲ့သည်။

     သို့သော်လည်း နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားများ ဝင်ရောက်မှု မြင့်တက်လာခြင်း ကြောင့် ဆန်စားသုံးမှု ပိုမိုများပြားလာခဲ့သည့်အပြင် ပစိဖိတ်ကမ်းရိုးတန်းတစ်လျှောက် Nankai Trough တွင် အင်အားပြင်းငလျင်ကြီး လှုပ်ခတ်နိုင်ခြေနှင့် ပတ်သက်၍ ၂၀၂၄ ခုနှစ် နွေရာသီတွင် အစိုးရက သမိုင်းတစ်လျှောက် ပထမဦးဆုံးအကြိမ် သတိပေးချက် ထုတ်ပြန်ခဲ့ခြင်းကြောင့် ပြည်သူများ ဆန်ဝယ်ယူစုဆောင်းခဲ့သဖြင့် အဆိုပါခန့်မှန်းချက်မှာ မှားယွင်းသွားခဲ့ခြင်း ဖြစ်သည်။

    သီးခြားလွတ်လပ်သော လုပ်ငန်းကဏ္ဍဆိုင်ရာ စစ်တမ်းကောက်ယူမှုတစ်ခုအရ ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် တစ်ဦးချင်းစီ၏ ပျမ်းမျှဆန်စားသုံးမှုပမာဏသည် ယခင်နှစ်ထက် ၆.၁ ရာခိုင်နှုန်း လျော့နည်းသွားခဲ့ပြီး တစ်လလျှင် ပျမ်းမျှ ၄,၄၃၅ ဂရမ်သာရှိပြီး ယင်းသည် ခုနစ်နှစ်တာကာလ အတွင်း အနိမ့်ဆုံးပမာဏ ဖြစ်ကြောင်း သိရသည်။

    ဂျပန်နိုင်ငံတွင် ဆန်အကျပ်အတည်း အထွတ်အထိပ်သို့ ရောက်ရှိနေချိန်အတွင်း ဆန် ဈေးနှုန်းမှာ ၅ ကီလိုဂရမ်လျှင် ယာယီအားဖြင့် ယန်း ၄,၀၀၀ (၂၅ ဒေါ်လာ) အထက်သို့ မြင့်တက် သွားခဲ့ပြီး ယင်းအခြေအနေကြောင့် အိမ်ထောင်စုများမှာ ဆန်အစား ခေါက်ဆွဲနှင့် ပေါင်မုန့်များကို ပြောင်းလဲ စားသုံးလာကြကြောင်း ဆန်လက်ကားဒိုင်များက ပြောကြားခဲ့သည်။

    ဝန်ကြီးချုပ် Sanae Takaichi ၏ အစိုးရအဖွဲ့က သောကြာနေ့တွင် အတည်ပြုပေးခဲ့သော အဆိုပါ The white paper စာတမ်းသည်  စိုက်ပျိုးရေးကဏ္ဍ၏ လက်ရှိအခြေအနေနှင့် ရင်ဆိုင် နေရသော စိန်ခေါ်မှုများနှင့် ပတ်သက်၍ ပြုစုထားသည့် အစိုးရ၏ အစီရင်ခံစာတစ်ရပ် ဖြစ်သည်။ ထို့ပြင် ဆန်၊ အမဲသားနှင့် လက်ဖက်စိမ်း တို့အပါအဝင် ဂျပန်နိုင်ငံ၏ စိုက်ပျိုးရေး ထွက်ကုန်များ အပေါ် ပြည်ပနိုင်ငံများ၌ စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာကြောင်း အဆိုပါစာတမ်းတွင် မှတ်တမ်း တင်ထားပြီး ၂၀၂၅ ခုနှစ်အတွင်း ရိက္ခာနှင့် စားသောက်ကုန်ပစ္စည်းများ တင်ပို့မှုသည် ၁၂.၈ ရာခိုင်နှုန်း အထိ တိုးတက်လာကာ ယန်း ၁.၇၀ ထရီလီယံအထိ ရှိခဲ့ကြောင်း သိရသည်။

Source: KYODO News, 29 May 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)