
အိန္ဒိယအစိုးရ အရာရှိများက စားသုံးဆီ တင်သွင်းမှုများအပေါ် အခွန် တိုးမြှင့်ကောက်ခံ ခြင်းက လယ်သမားများအား သီးနှံဈေးနှုန်း မြင့်တက်စေခြင်းဖြင့် အကူအညီပေးနိုင်ခြင်း ရှိ/မရှိ နှင့် သွင်းကုန် အမြောက်အများ တင်သွင်းခြင်းနှင့်ချိတ်ဆက်နေသည့် နိုင်ငံခြားငွေလဲလှယ်ခြင်း စီးဆင်းမှုများကို ထိန်းချုပ်နိုင်ခြင်း ရှိ/မရှိ အခြေအနေများကို ဆန်းစစ်လျက်ရှိကြောင်း အိန္ဒိယ အခြေစိုက် Business Today သတင်းဌာနက မေလ ၁၈ ရက်က ဖော်ပြထားပါသည်။
အိန္ဒိယအနေဖြင့် လယ်သမားများကို အကူအညီဖြစ်စေရေးနှင့် ရူပီးတန်ဖိုးအပေါ် ဖိအား ဖြစ်ပေါ်လာမှုအား လျှော့ချစေရေးတို့အတွက် စားသုံးဆီ တင်သွင်းမှုအခွန်ကို တိုးမြှင့်သတ်မှတ်ရန် အဆိုပြုဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ ယခုအစီအစဉ်ဖြစ်ပေါ်လာရခြင်းမှာ ယခုနှစ် တွင် ရူပီးငွေကြေးသည် အာရှဒေသ၏ အဆိုးဆုံး စွမ်းဆောင်မှုရှိ ငွေကြေးတစ်ခုဖြစ်လာခြင်းနှင့် အစိုးရအနေဖြင့် စားသုံးဆီ၊ ဓါတ်မြေဩဇာ၊ ရွှေ နှင့် ရေနံ ကဲ့သို့သော သွင်းကုန်များအပေါ် မှီခိုရမှု လျှော့ချပေးရန်တို့အတွက် ဖြစ်သည်။ ယခု မေလ အစောပိုင်းတွင်လည်း အိန္ဒိယဝန်ကြီးချုပ် နာရန် ဒရာမိုဒီက စားသုံးဆီအပါအဝင် သွင်းကုန်ပစ္စည်းများအပေါ် မှီခိုအားထားမှု မပြုလုပ်ကြရန် စားသုံးသူပြည်သူများအား တိုက်တွန်းထားကြောင်း ဖော်ပြထားသည်။
အိန္ဒိယအစိုးရအနေဖြင့် ပြီးခဲ့သည့်သတင်းပတ်အတွင်း အရေးကြီးကုန်စည်စာရင်းတွင် မပါဝင်သည့် သွင်းကုန်များ ထိန်းချုပ်ရန်ရည်ရွယ်၍ ရွှေနှင့် ငွေ တင်သွင်းမှုအပေါ် အခွန်ကို ၁၅ % ခန့် ဆွဲတင်သတ်မှတ်ခဲ့ကြောင်း သိရှိရပါသည်။ အိန္ဒိယသည် စားသုံးဆီကို ပြည်တွင်းလိုအပ်ချက်၏ ၆၀ %ခန့်အား ပြည်ပမှတင်သွင်းလျက်ရှိရာ ကမ္ဘာတွင် စားသုံးဆီ တင်သွင်းမှု အများဆုံးနိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည်။ စားသုံးဆီ သွင်းကုန်အခွန် တိုးမြှင့်သတ်မှတ်မည်ဆိုပါက အင်ဒိုနီးရှား၊ မလေးရှား၊ အာဂျင်တီးနား၊ ဘရာဇီး၊ ရုရှားနှင့် ယူကရိန်းနိုင်ငံတို့မှ အဓိကထွက်ရှိသည့် စားအုန်း ဆီ၊ ပဲပုပ်ဆီနှင့် နေကြာဆီ တို့အပေါ် သက်ရောက်မှု ရှိလာမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
စားသုံးဆီ သွင်းကုန်အခွန်တိုးမြှင့်သတ်မှတ်ရေး အဆိုပြုချက်သည် ကမ္ဘာ့အစားအစာ ဈေးနှုန်းမြင့်တက်လာရာမှ စတင်ဖြစ်ပေါ်ခဲ့သည်။ ထို့ပြင် အီရန်ပဋိပက္ခက သယ်ယူပို့ဆောင်ရေး ကွင်းဆက်ကို အခက်အခဲအဟန့်အတားဖြစ်စေသည့်အပြင် ကုန်ပစ္စည်းများ ၏ ဈေးနှုန်းများကိုပါ မြင့်တက်လာအောင် တွန်းအားပေးလျက်ရှိသည်။ စားအုန်းဆီသည် ကမ္ဘာ့အသုံးပြုမှုအများဆုံး စားသုံးဆီတစ်မျိုးဖြစ်ပြီး အရှေ့အလယ်ပိုင်း ပဋိပက္ခစတင်ဖြစ်ပွားကတည်းက ၁၂ % ခန့် ဈေးနှုန်း မြင့်တက်လာခဲ့သည်။ စားအုန်းဆီ ဈေးနှုန်း မြင့်တက်ရသည့်အကြောင်းအရင်းမှာ စားအုန်းဆီ အဓိက ထုတ်လုပ်တင်ပို့သည့် အင်ဒိုနီးရှား နှင့် မလေးရှားနိုင်ငံတို့က ၎င်းတို့၏စွမ်းအင်အတွက် ကုန်ကျစရိတ်မြင့်တက်လာမှုကို ကာမိစေရန် စားအုန်းဆီအချိုးကျရောနှောပါဝင်သည့် ဇီဝဒီဇယ်ဆီ တိုးမြှင့်ထုတ်လုပ်ရန် စီစဉ်လာမှုကြောင့်ဖြစ်သည်။
သို့သော် အိန္ဒိယအနေဖြင့် စားသုံးဆီ သွင်းကုန်အခွန် တိုးမြှင့်သတ်မှတ်ရေး အစီအမံ ချမှတ် လိုခြင်းမှာ စားသုံးဆီ ဝယ်ယူမှုကို နှေးကွေးစေရန်နှင့် မကြာသေးမီကပင် ဈေးနှုန်း တဟုန်းထိုး မြင့်တက်လာခြင်းအား ထိန်းချုပ်နိုင်ရန်တို့အတွက်ဖြစ်ကြောင်း သိရှိရပါသည်။ စားသုံးဆီသွင်းကုန် အခွန်တိုးမြှင့်ရေးသည် အဆိုပြုစဉ်းစားချက်ဖြစ်ကြောင်းနှင့် Final Decision ကို ဖော်ပြမထား သေးကြောင်း အစီရင်ခံစာက ဆိုပါသည်။ င််င်း််််ြုြင်း
အိန္ဒိယသည် ပြည်တွင်းစားသုံးဆီဈေးနှုန်း ကျဆင်းစေရေးနှင့် ဆီသန့်စင်ပြုပြင် ထုတ်လုပ် သူများအား အထောက်အကူပြုစေရေးတို့အတွက် စားအုန်းဆီကြမ်း၊ ပဲပုပ်ဆီကြမ်းနှင့် နေကြာဆီ ကြမ်းတင်သွင်းမှု အခွန်ကို ၂၀ % မှ ၁၀ %သို့ ယခင်နှစ်က လျှော့ချခွင့်ပြုပေးခဲ့သည်။ အိန္ဒိယ ရူပီး ငွေကြေးတန်ဖိုးသည် အားပျော့လာခဲ့ပြီး အမေရိကန်ဒေါ်လာထက် ၉၆.၃၅ ခန့် တန်ဖိုး လျော့ကျ ခဲ့ကြောင်းနှင့် ရေနံဈေးနှုန်းများမြင့်တက်လာသဖြင့် ဖိအားများနှင့်ရင်ဆိုင်လျက်ရှိကြောင်း Business Today သတင်းဌာန၏ ဖော်ပြချက်များအား တင်ပြအပ်ပါသည်။
အိန္ဒိယအစိုးရက စားသုံးဆီ သွင်းကုန်အခွန်တိုးမြှင့်ရေးအစီအမံကို လယ်သမားများအား သီးနှံဈေးနှုန်းများ ပိုမိုရရှိရေး၊ သွင်းကုန်အပေါ် မှီခိုရမှုအား လျှော့ချရေးနှင့် ပြည်တွင်း ဆီထွက် သီးနှံများထုတ်လုပ်မှုကို အထောက်အပံ့ဖြစ်ရေးဟူသည့် အကျိုးကျေးဇူးများကို ရှေးရှု၍ ဆောင်ရွက် မည်ဖြစ်သော်လည်း တစ်ဖက်တွင် စားသုံးသူများအတွက် စားသုံးဆီဈေးနှုန်း ပိုမိုမြင့်တက်လာနိုင် ခြင်း၊ တင်သွင်းလာသော စားသုံးဆီများ၏ ကုန်ကျစရိတ် ပိုမိုမြင့်တက်လာနိုင်ခြင်းနှင့် အစားအစာ ဈေးနှုန်း အတက်အကျ ဖြစ်ပေါ်လာနိုင်ခြင်းတို့ ကြုံတွေ့လာနိုင်ကြောင်း သိရှိရသည်။
Source: Business Today, 18 May, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
