
၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူးရုံးမှ ဦးခွန်ကျော်ဌေး(လက်ထောက်ညွှန်ကြားရေးမှူး) နှင့် ဝန်ထမ်းများသည် အေးသာယာစက်မှုဇုန်မြို့ရှိ စားသုံးဆီလက်လီ အရောင်းဆိုင်(၃)ဆိုင်အား ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စားအုန်းဆီလက်လီရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် အခြေခံလက်ကားဈေးနှုန်းများကို အပါတ်စဉ် ထုတ်ပြန်ပေးခဲ့ပြီးဖြစ်ရာ ဒေသအရောက် ဈေးနှုန်းအပေါ် (၂)ရာခိုင်နှုန်း အမြတ်ထက်မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချသွားရန်၊ ခွဲတမ်းရရှိသည့်ဆိုင်များအနေဖြင့် ဈေးနှုန်းကို အများမြင်သာသောနေရာများတွင် မြင်သာသော စာလုံးအရွယ်အစားများဖြင့် Vinyl ချိတ်ဆွဲထားရှိရန် လက်လီဈေးများအတွင်း၌လည်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချပေးစေရေး ၎င်းအပြင် စားအုန်းဆီများအား ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်း၊ ဈေးနှုန်းအဆမတန်မြှင့်တင် ရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် စားအုန်းဆီကို စားသုံးသူပြည်သူလက်ဝယ် အမှန်တကယ်ရောက်ရှိအောင် ရောင်းချပေးရန်နှင့် မမှန်မကန် ဆောင်ရွက်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ဟု သိရှိရပါသည်။
DOCA(ရှမ်း)
