Main menu

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ကော်မတီ ပထမအကြိမ် ၁/၂၀၂၀ အစည်းအဝေးကျင်းပခြင်း

Powered by Drupal

      ဧရာတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ၏ ပထမအကြိမ် ၁/၂၀၂၀ အစည်းအဝေးကို ၂၈.၁.၂၀၂၀ ရက်နေ့တွင် ပုသိမ်မြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံး၌ ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီး တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီဥက္ကဌ ဦးဌေးဝင်း၊ ဒုက္ကဌ ဦးဝင်းမြင့်၊ အတွင်းရေးမှူး တိုင်းဦးစီးမှူး ဦးစိုးအောင်၊ စားသုံးသူရေးရာကော်မတီဝင်များ၊ ဒုတိုင်းဦးစီးမှူး၊ ဌာနခွဲမှူးများနှင့် ခရိုင်ဦးစီးမှူးများ စုစုပေါင်း (၂၁) ဦးတက်ရောက်ခဲ့ပါသည်။

          ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီဥက္ကဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီး ဦးဌေးဝင်းက မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ဥက္ကဌ အဖြစ်ပါဝင်၍ အဖွဲ့ဝင် (၂၁) ဦးဖြင့် ၃၀.၉.၂၀၁၉ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး  ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီကိုလည်း ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းသည် အရေးကြီးပြီး ကျယ်ပြန့်စွာဆောင်ရွက်ရမှာဖြစ်သလို ယခုအခါ စားသုံးသူရေးရာကော်မတီများဖွဲ့စည်းပြီး ဖြစ်သည့်အတွက် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ပိုမိုလျှင်မြန်စွာဆောင်ရွက်နိုင်မှာဖြစ်ကြောင်း စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)အရ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ၂၀၂၀ ပြည့်နှစ် မတ်လ(၁၆) ရက်နေ့တွင် စတင်အာဏာတည်မှာဖြစ်သည့်အတွက် စားသုံးသူများအနေဖြင့် မိမိတို့ပြည်တွင်းတွင်ထုတ်လုပ်သည့် ကုန်စည်များအပြင် ပြည်ပနိုင်ငံများမှ တင်သွင်းသည့် ကုန်စည်များကို ဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ် ကင်းရှင်းရန်လိုအပ်သလို စားသုံးသူကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ထိရောက်သောနည်းလမ်းများဖြင့်် ဆောင်ရွက်ရမှာဖြစ်ပြီး ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ပေးကြပါရန် ပြောကြားခဲ့ပါသည်။

          ထို့နောက် စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ဦးစိုးအောင်(အတွင်းရေးမှူး)က တိုင်းစားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိ စားသုံးသူကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများ တိုင်ကြားမှုများကို လက်ခံဆောင်ရွက်ပေးမှုများနှင့် ကော်မတီသို့ အဆုံးအဖြတ်ပေးရန်နှင့်အတည်ပြုပေးရန် အချက်များအား တင်ပြခဲ့ပြီး ကော်မတီ၏ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများအပေါ် တက်ရောက်လာသော ကော်မတီဝင်များမှ ဖြည့်စွက်ဆွေးနွေးခဲ့ကြပါသည်။

ဧရာတီတိုင်းဒေသကြီး
စားသုံးသူရေးရာဦးစီးဌာန