
တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုကို မြှင့်တင်ရန်အတွက် မြန်မာနှင့် တရုတ်နိုင်ငံတို့အကြား စီးပွားရေးလုပ်ငန်းအချင်းချင်း ချိတ်ဆက်ဆောင်ရွက်သည့် (Business-to-Business - B2B) သဘောတူညီချက်တစ်ခုကို မကြာမီ တည်ထောင်တော့မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၊ ကူမင်းမြို့ရှိ မြန်မာစီးပွားရေးသံမှူးက ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ Guokee Bio-Tech ကုမ္ပဏီလီမိတက်သည် မြန်မာနိုင်ငံ စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသန ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဆန်၊ ပြောင်း အပါအဝင် စိုက်ပျိုးရေးမျိုးစေ့များ တိုးတက်ကောင်းမွန်လာစေရန်နှင့် မျိုးကောင်းမျိုးသန့်များ ရရှိစေရန်အတွက် စမ်းသပ်စိုက်ပျိုးမှုများကို လုပ်ဆောင်လျက်ရှိပါသည်။ Guokee Bio-Tech ကုမ္ပဏီသည် မြန်မာနိုင်ငံမှ ဆန်တင်ပို့သည့် ကုမ္ပဏီတစ်ခုနှင့် B2B နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးရန် ဆန္ဒရှိကြောင်းပြသခဲ့ပါသည်။ ၎င်းတို့သည် မျိုးစေ့များ ပံ့ပိုးပေးမည်ဖြစ်ပြီး တောင်သူများကို စိုက်ပျိုးလာစေရန် တိုက်တွန်းမည်ဖြစ်ကြောင်း သိရပါသည်။ ဆန်ကြိတ်ခွဲခြင်းလုပ်ငန်းစဉ်ကို မြန်မာနိုင်ငံတွင် ဆောင်ရွက်မည်ဖြစ်ပြီး Guokee Bio-Tech ကုမ္ပဏီက ထိုဆန်များကို တရုတ်နိုင်ငံသို့ တင်သွင်းသွားမည်ဖြစ်ကြောင်း သိရပါသည်။ တရုတ်နိုင်ငံသည် ပြည်တွင်းစားသုံးမှုကို ဖြည့်ဆည်းရန်နှင့် သွင်းကုန်များကို အားပေးရန်အတွက် "Export to China" မူဝါဒအသစ်ကို ကျင့်သုံးလျက်ရှိကြောင်း တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနမှ တာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း သိရပါသည်။ လက်ရှိတွင် အဆိုပါကုမ္ပဏီသည် နေပြည်တော်၌ ယာ-၈၊ UPLRi၊ ZKMUR-5 နှင့် M20 ဟူသော ကုန်းမြင့်စပါး မျိုးစေ့လေးမျိုးကို စမ်းသပ်စိုက်ပျိုးလျက်ရှိသည်။ အဆိုပါ ဆန်မျိုးစေ့များသည် တရုတ်နိုင်ငံ အကောက်ခွန်ဆိုင်ရာ အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) တွင် မှတ်ပုံတင်ထားပြီးဖြစ်ကြောင်း သိရှိရပါသည်။
Source: The Global New Light Of Myanmar
DOCA (ရန်ကုန်)
