Main menu

အိန္ဒိယနိုင်ငံ၌ ဘာစမာတီမဟုတ်သော ဆန်ဈေးနှုန်းများ အနိမ့်ဆုံးသို့ ကျဆင်း

Powered by Drupal

    အာဖရိကတိုက်ရှိ အဓိကဆန်တင်သွင်းသည့် နိုင်ငံများဖြစ်သော ဆီနီဂေါ (Senegal)၊ ဘီနင် (Benin) နှင့် ဘာကီးနားဖားဆို (Burkina Faso) တို့၏ သွင်းကုန်မူဝါဒ အပြောင်းအလဲများကြောင့် ပြည်ပဝယ်လိုအား ကျဆင်းခြင်းနှင့် အိန္ဒိယပြည်တွင်း၌ ဆန်သစ်များ ပေါ်လာခြင်းတို့ကြောင့် အိန္ဒိယဆန်ဈေးနှုန်းများမှာ နှစ်အတော်ကြာအတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားကြောင်း Platts ၏ အချက်အလက်များအရ သိရသည်။

    Platts မှ အကဲဖြတ်ထားသော အိန္ဒိယနိုင်ငံ၏ လက်ရှိ ပေါင်းဆန် ၅% ဈေးနှုန်းသည် မေလ ၅ ရက်နေ့တွင် FOB ဈေးနှုန်း တစ်တန်လျှင် ၃၂၄ ဒေါ်လာ သို့ ကျဆင်းသွားခဲ့ရာ ယင်းသည် ကာလတိုနှိုင်းယှဉ်ချက်အနေဖြင့် ၂၀၂၁ ခုနှစ်မှစ၍ တွက်ချက်ပါက တစ်တန်လျှင် ၄၄ ဒေါ်လာ ကျဆင်းသွားခြင်းဖြစ်ပြီး ကာလရှည်နှိုင်းယှဉ်ချက်အနေဖြင့် ၂၀၁၈ ခုနှစ်မှစ၍ တွက်ချက်ပါက တစ်တန်လျှင် ၈၂ ဒေါ်လာအထိ ကျဆင်းသွားခြင်းဖြစ်ကြောင်း သိရသည်။ ထို့အတူ ၁၀၀% ဆန်ကွဲ ဈေးနှုန်းမှာလည်း မေလ ၅ ရက်နေ့တွင် တစ်တန်လျှင် ၂၆၉ ဒေါ်လာ (FOB) သို့ ရောက်ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၅၄ ဒေါ်လာခန့် လျော့နည်းသွားသည်။

    Chhattisgarh ပြည်နယ် ဆန်တင်ပို့သူများအသင်း (TREACG) က အာဖရိကနိုင်ငံများ၏ တင်သွင်းမှု ကန့်သတ်ချက်များကြောင့် အစိုးရအနေဖြင့် အမြန်ဆုံး ဝင်ရောက်ဖြေရှင်းပေးနိုင်ပါရန် မေလ ၄ ရက်နေ့က ထုတ်ပြန်တောင်းဆိုခဲ့သည်။

     အာဖရိက၏ ဈေးကွက်မူဝါဒများ ရုတ်တရက် ပြောင်းလဲခြင်းကြောင့် သင်္ဘောတင်ပို့မှု အစီ အစဉ်များနှင့် စာချုပ်အကောင်အထည်ဖော်မှုများ အနှောက်အယှက်များရှိခဲ့ပြီး ပို့ကုန်လုပ်ငန်းရှင် များ အနေဖြင့် အော်ဒါပယ်ဖျက်ခံရခြင်း၊ ငွေပေးချေမှု ကြန့်ကြာခြင်းနှင့် ကုန်ပစ္စည်း လက်ကျန်များ ပုံနေခြင်းတို့ကို ရင်ဆိုင်နေရကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ထို့အပြင် ယင်းကဲ့သို့ တင်သွင်းမှု ကန့်သတ်ချက်များသည် အထူးသဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) ပို့ကုန်လုပ်ငန်းရှင်များအတွက် ငွေကြေးစီးဆင်းမှု အကျပ် အတည်း ဖြစ်ပေါ်စေနိုင်သည့် အချက်များဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။ Burkina Faso၊ Benin နှင့် Senegal ကဲ့သို့သော အာဖရိကနိုင်ငံ အများအပြားသည် ၎င်းတို့၏ သွင်းကုန် မူဝါဒများကို တင်းကျပ်ခြင်းဖြင့် ဆန်တင်သွင်းမှုကို ကန့်သတ်ထားကြသည်။

    Benin နိုင်ငံ၏ မူဝါဒအပြောင်းအလဲကြောင့် အိန္ဒိယပြည်တွင်းစျေးကွက်တွင် ပေါင်းဆန် ၅% အပေါ် ဝယ်လိုအား ကျဆင်းသွားခဲ့ပြီး ယင်းအခြေအနေကြောင့် ပို့ကုန်လုပ်ငန်းရှင်များက Benin နိုင်ငံသို့ ကုန်စည်တင်ပို့မှုများကို ရပ်ဆိုင်းရန် တွန်းအားပေးသကဲ့သို့ ဖြစ်စေခဲ့သည်။ Benin ဝယ်လက်များက ဝယ်ယူရန် ကမ်းလှမ်းနေကြသော်လည်း ပို့ကုန်လုပ်ငန်းရှင်များမှ ခိုင်လုံသည့် သွင်းကုန်စာရွက်စာတမ်းများ မရှိသည့်အတွက် ရောင်းချရန် ဆန္ဒမရှိကြကြောင်း Gurgaon အခြေ စိုက် ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

    အိန္ဒိယပေါင်းဆန် (PB 5%) ၏ FOB စျေးနှုန်းသည် ကျိန်းသေ ပြန်လည်ကျဆင်းနေ ပါကြောင်း၊ Burkina နှင့် Senegal နိုင်ငံများကလည်း ယခုအချိန်တွင် ဆန်တင်သွင်းမှု လျော့နည်း သွားနိုင်သောကြောင့် Benin အစိုးရသစ်က ယခုလို တင်းကျပ်သည့် သွင်းကုန်စည်းမျဉ်းများကို မည်သည့်အတိုင်း အတာအထိ ဆက်လက် လုပ်ဆောင်သွားမည်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း နိုင်ဂျီးရီးယား အခြေစိုက် ကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။

    Senegal နိုင်ငံ၏ စက်မှုနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဧပြီလ ၂၃ ရက်နေ့တွင် ထုတ်ပြန်သည့် တရားဝင်အသိပေးချက်အရ Senegal သည် ရွေးချယ်ထားသော ကုမ္ပဏီအချို့ ကိုသာ ဆန်တင်သွင်းခွင့်ပြုသည့် သွင်းကုန်ပမာဏ ကန့်သတ်ချက် (Import Quota) စနစ်ကို ကျင့်သုံးခြင်းဖြင့် ဆန်တင်သွင်းမှုကို ကန့်သတ်လိုက်သည်။ 

    Senegal နိုင်ငံသည် အိန္ဒိယဆန်ကွဲ အဓိကတင်ပို့ရာ နိုင်ငံများထဲမှ တစ်ခုဖြစ်သောကြောင့် ယခုကဲ့သို့ မူဝါဒတင်းကျပ်လိုက်ခြင်းသည် စျေးကွက်အတွင်း မရေရာမှုများကို ဖြစ်ပေါ်စေခဲ့ပြီး အိန္ဒိယ ဆန်ကွဲစျေးနှုန်းများ ဆက်လက်ကျဆင်းလာစေရန် တွန်းအားပေးသကဲ့သို့ ဖြစ်နေကြောင်း သတင်းရင်းမြစ်များအရ သိရသည်။

    တစ်ဖက်တွင်လည်း အိန္ဒိယဆန်များတွင် မျိုးရိုးဗီဇပြုပြင်ထားမှု (Gene Modification) ရှိနိုင်သည်ဟူသော တရုတ်နိုင်ငံ၏ စိုးရိမ်ပူပန်မှုများကြောင့် တရုတ်ဘက်မှ ဝယ်ယူရန် ခိုင်မာသော ကမ်းလှမ်းမှုများ ရှိနေသော်လည်း ပို့ကုန်လုပ်ငန်းရှင်များက တရုတ်နိုင်ငံသို့ ဆန်တင်ပို့ခြင်းကို စွန့်စားမှု တစ်ခုဖြစ်ကြောင်း ယူဆလာကြသည်။

    တရုတ်နိုင်ငံမှ ဆန်ကွဲ ကို ကွန်တိန်နာဖြင့် Huangpu ဆိပ်ကမ်းအရောက် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၀၀ (CFR) ဖြင့် ဝယ်ယူရန် ကမ်းလှမ်းမှုများ ရှိခဲ့သော်လည်း မေလ ၄ ရက်နေ့ သတင်းများအရ သင်္ဘောတင်စျေးနှုန်း (FOB) မှာ တစ်တန်လျှင် ၂၇၀ မှ ၂၈၀ ဒေါ်လာဝန်းကျင်သာ ရှိနေသဖြင့် စျေးနှုန်းများမှာ ယခင်ထက် လျော့နည်းနေကြောင်း Platts ၏ အချက်အလက်များအရ သိရသည်။

    အိန္ဒိယ စိုက်ပျိုးရေးနှင့် ပြုပြင်ပြီးသော အစားအစာ ထုတ်ကုန်များ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့ (APEDA) ၏ အဆိုအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများအတွင်း အိန္ဒိယ၏ ဆန်တင်ပို့မှုသည် မက်ထရစ်တန် ၂.၈၇ သန်းသို့ ကျဆင်းသွားခဲ့ပြီး ယင်းမှာ ယခင်နှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက ၁၅ ရာခိုင်နှုန်း လျော့နည်းသွားခြင်း ဖြစ်သည်။

    ဝယ်လိုအား ကျဆင်းနေခြင်းနှင့် သီးနှံသစ်များ ရိတ်သိမ်းချိန်သို့ ရောက်ရှိလာသည့် ဖိအား များကြောင့် ပြည်တွင်းစျေးကွက်မှာ အလားအလာ နည်းနေပြီး Chhattisgarh ဒေသတွင်း ကုန်စည်ဒိုင်များတွင် စပါးသစ်စျေးနှုန်းမှာ တစ်တန်လျှင် ရူပီး ၅,၀၀၀ (အမေရိကန်ဒေါ်လာ ၅၃ ဒေါ်လာခန့်) ထပ်မံ ကျဆင်းသွားခဲ့သည်။ မေလ ၄ ရက်နေ့အထိ IR စပါးသစ်များကို တစ်တန်လျှင် ရူပီး ၁၇၀၀၀ မှ ၁၇၅၀၀ ကြားဖြင့် အရောင်းအဝယ် ပြုလုပ်နေကြကြောင်း Chhattisgarh ပြည်နယ် ဆန်ပို့ကုန် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ Mukesh Jain က ပြောကြားခဲ့သည်။

     ဆန်စက်ပိုင်ရှင်များအနေဖြင့် ယခုစပါးပေါက်ဈေးအရ တစ်တန်ကို ရူပီး ၂၈၀၀၀ ဖြင့် ရောင်းချနိုင်ပြီး Kakinada ဆိပ်ကမ်းအရောက်စျေးမှာ ရူပီး ၂၇၅၀၀ ဖြင့် ရောင်းနိုင်ပါကြောင်း ဒေလီအခြေစိုက် ကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။ သီးနှံသစ်များ စျေးကွက်အတွင်းသို့ အမြောက်အမြား ဝင်ရောက်လာသည့် ဖိအားများကြောင့် အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များက ပေါင်းဆန် ၅% စျေးနှုန်းများမှာ ရှေ့လျှောက် ထပ်မံကျဆင်းသွားနိုင်ကြောင်း ခန့်မှန်းထားကြ သည်။

Source: S&P Global, May 5, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)