
မုတ်သုံရာသီအကြိုကာလ မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ အိန္ဒိယနိုင်ငံဘက်ခြမ်း၌ မြစ် ချောင်းများ ရေလျှံပြီး တစ်ဟုန်ထိုးစီးဆင်းလာမှုက ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့မြောက်ဒေသတွင် မြစ်ရေကြီးမှုကိုဖြစ်ပေါ်စေပြီး အဓိကအရေးပါသော နွေစပါးများ ရိတ်သိမ်းချိန်၌ စိုက်ပျိုးဧရိယာ အများအပြား ရေနစ်မြုပ်မှုအန္တရာယ်ရှိနေကြောင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ဧပြီ ၂၉ ရက် နေ့တွင် ပြောဆိုခဲ့ကြသည်။
မရပ်မနား မိုးရွာသွန်းမှုများအပြင် လေပြင်းနှင့်မိုးကြိုးမုန်တိုင်း တိုက်ခတ်မှုများကြောင့် လယ်သမားများသည် ပေါင်လယ်ခန့်အထိ ရေနစ်မြုပ်နေသော ၎င်းတို့၏ လယ်ယာစိုက်ခင်းများ အတွင်း ရနိုင်သမျှ စပါးများကို ခက်ခဲစွာ ရိတ်သိမ်းလျက်ရှိခဲ့ကြသည်။ Sunamganj မြို့တွင် စပါးစိုက်သည့် လယ်သမားတစ်ဦးဖြစ်သူ Mr Mohammad Al Amin က ရေမျက်နှာပြင် မြင့်တက် နေသည့်ကြားမှပင် ၎င်းတို့အနေဖြင့် ရေနစ်မြုပ်မှုမရှိပဲ ကျန်နေသော စပါးများကို ဆယ်တင်ရရှိရန် ကြိုးပမ်းလျက်ရှိသည်ဟု ပြောဆိုခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့မြောက်ပိုင်း Haor Basin မြေနိမ့်ချိုင့်ဝှမ်းဒေသတွင် လယ်သမား များသည် အဓိက စပါးစိုက်ပျိုးရာသီဖြစ်သည့် Boro padi ခေါ် နွေသီးနှံရာသီမှ ရင့်မှည့်နေပြီဖြစ် သော စပါးများကို ရိတ်သိမ်းနေဆဲဖြစ်သည်။ နွေစပါးသီးနှံများ သိသာစွာ ပျက်စီးဆုံးရှုံးမှုသည် ကျေးလက်ဒေသ လူနေမှုဘဝနှင့် နိုင်ငံ၏ စားနပ်ရိက္ခာထောက်ပံ့မှု နှစ်ရပ်လုံးကို ထိခိုက်စေနိုင် သည်။
နေ့ရက်ဆက် မိုးရွာသွန်းမှုများနှင့် အိန္ဒိယနိုင်ငံ Meghalaya နှင့် Assam ပြည်နယ်များမှ မြစ်ရေစီးဆင်းလာမှုများက ထိခိုက်လွယ်သော စပါးစိုက်ခရိုင်များတွင် ရုတ်တရက် ရေကြီးရေလျှံမှု အန္တရာယ်ကို မြင့်မားလာစေကြောင်း၊ Sunamganj, Sylhet, Kishoreganj, Habiganj နှင့် Moulvibazar မြို့များရှိ ဧရိယာများစွာတွင် စပါးခင်းများ ရေနစ်မြုပ်ခဲ့ကြောင်း ဒေသခံ အာဏာပိုင် များက ပြောဆိုကြသည်။
နေရာဒေသ အများအပြား၌ တာဘောင်ရိုးများကိုကျော်လွန်၍ ရုတ်တရက် ရေဝင်ရောက်မှု ဖြစ်ပေါ်ပြီးနောက် ရေကြီးရေလျှံမှုက သီးနှံစိုက်ခင်းများအတွင်း ရေနစ်မြုပ်မှုကို ပျံ့နှံသွားစေခဲ့ သည်။ ထို့အပြင် မိုးသည်းထန်မှုသည် ဟင်းသီးဟင်းရွက်များ အပါအဝင် အခြားသောသီးနှံများကို လည်း ထိခိုက်ပျက်စီးစေခဲ့ရာ စားနပ်ရိက္ခာ ပြတ်တောက်မှု ဖြစ်ပေါ်လာနိုင်သည့်အရေးအပေါ် စိုးရိမ်မှုများ တိုးပွားစေလျက်ရှိသည်။
ရှေ့လာမည်နေ့ရက်များတွင် မိုးဆက်လက်ရွာသွန်းနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် မိုးလေဝသ ဌာနက ခန့်မှန်းချက် ထုတ်ပြန်ထားပြီး ဒေသအာဏာပိုင်များကလည်း မြစ်ညှာဒေသမှ ရေများ ထပ်မံဝင်ရောက်မှုသည် Haor Basin ချိုင့်ဝှမ်းဒေသတစ်လျှောက် ရေကြီးရေလျှံမှု ပိုမိုကျယ်ပြန့်စွာ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးပြောဆိုထားသည်။
လက်ရှိ စိုက်ပျိုးမှုအဆင့်တွင် စိုက်ခင်းများ ရေနစ်မြုပ်ခြင်းသည် စပါးအထွက်နှုန်းကို သိသိ သာသာ လျော့နည်းစေမည်ဟု စိုက်ပျိုးရေး အရာရှိများက သတိပေးထားသည်။ လယ်သမားများ အနေဖြင့်မူ အရှေ့အလယ်ပိုင်းဒေသအတွင်း အီရန်ပဋိပက္ခကြောင့် ဒီဇယ်ဆီပြတ်လပ်မှုနှင့် ဆက် စပ်လျက် ဆည်ရေစနစ်ဆိုင်ရာ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ဖြေရှင်းနေရဆဲဖြစ်သည်။
ကမ္ဘာ့ တတိယအကြီးဆုံး စပါးစိုက်ပျိုးသူဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ပြည်တွင်း မှ ထွက်ရှိသော ဆန်စပါးများအားလုံးနီးပါးကို ပြည်တွင်း၌ပင် စားသုံးမှုပြုလျက်ရှိပြီး ရံဖန်ရံခါ၌ ရေကြီးခြင်း သို့မဟုတ် မိုးခေါင်ခြောက်သွေ့ခြင်းကို ကြုံတွေ့ရမှုကြောင့် ဆန်စပါးပြတ်လပ်သည့် အခြေအနေမျိုးတွင် ပြည်ပမှမှာယူတင်သွင်းခြင်းကို လုပ်ဆောင်နေရဆဲဖြစ်သည်။
Source: Straits Times, 29 April 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
