
ဗီယက်နမ်နိုင်ငံ၏ မော်တော်ယာဉ်ဈေးကွက်သည် မတ်လတွင် အားကောင်းစွာ ပြန်လည်တိုးတက်လာခဲ့ပြီး လုပ်ငန်းနယ်ပယ်၏ စုစုပေါင်းရောင်းအားမှာ ယခင်လနှင့် နှိုင်းယှဉ်ပါက ၇၀,၈၅၉ စီးဖြင့် နှစ်ဆကျော်မြင့်တက်လာကာ နှစ်အစပိုင်းတွင် ရောင်းအားနှေးကွေးခဲ့သည့် အခြေအနေမှ ပြန်လည်နာလန်ထူလာကြောင်း ဗီယက်နမ်မော်တော်ယာဉ်ထုတ်လုပ်သူများအသင်း (VAMA) က ပြောကြားခဲ့ပါသည်။ ယခုတိုးတက်လာမှုသည် အစဉ်အလာမော်တော်ယာဉ်များသာမက လျှပ်စစ်ယာဉ်နှင့် ဟိုက်ဘရစ်ယာဉ် ကဏ္ဍများတွင်လည်း အားကောင်းသောအဟုန်ကြောင့်ဖြစ်ကြောင်း သိရပါသည်။ VAMA အဆိုအရ အသင်းဝင်ကုမ္ပဏီများ၏ မတ်လရောင်းအားသည် ၃၈,၇၀၄ စီးရှိပြီး ယခင်လနှင့် နှိုင်းယှဉ်လျှင် ၁၀၁ ရာခိုင်နှုန်း၊ ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ၁၂၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ယာဉ်အမျိုးအစားအလိုက်ဆိုပါက passenger ကားများသည် ၂၄,၈၅၈ စီးဖြင့် ရောင်းအားအကောင်းဆုံးဖြစ်ပြီး ၎င်း၏နောက်တွင် commercial ကားများနှင့် specialised ကားများက ရပ်တည်နေကြောင်း သိရပါသည်။ ပြည်ပမှ အပြည့်အဝတပ်ဆင်ပြီး တင်သွင်းလာသည့် (CBU) ယာဉ်များသည် ဒေသတွင်း တပ်ဆင်ထုတ်လုပ်မှုကို ဆက်လက်ကျော်လွန်ခဲ့ပြီး ရောင်းအား ၂၃,၀၁၁ စီးရှိကာ ၁၂၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ၎င်းသည် ပြည်ပအမှတ်တံဆိပ်များအပေါ် စားသုံးသူဝယ်လိုအားကောင်းနေသည်ကို ပြသနေကြောင်း သိရပါသည်။ ၂၀၂၆ ခုနှစ် ပထမ သုံးလပတ်အတွင်း VAMA အသင်းဝင်များ၏ စုစုပေါင်းရောင်းအားမှာ ၉၄,၈၅၇ စီးရှိပြီး ယခင်နှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်လျှင် ၃၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ passenger ကား ရောင်းအား ၂၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး commercial ကားများမှာ ၄၈ ရာခိုင်နှုန်းနှင့် အထူးသုံးယာဉ်များမှာ ၆၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ သို့သော် အဆိုပါစာရင်းအင်းများတွင် VinFast နှင့် Hyundai Thanh Cong ကဲ့သို့သော အဓိကထုတ်လုပ်သူများ မပါဝင်သဖြင့် စျေးကွက်အပြည့်အစုံကို မထင်ဟပ်နိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားပါသည်။ အဆိုပါ ထုတ်လုပ်သူများကိုပါ ထည့်သွင်းတွက်ချက်ပါက မတ်လအတွင်း စုစုပေါင်းရောင်းအားမှာ ၇၀,၈၅၉ စီးသို့ ရောက်ရှိခဲ့ပြီး ၂၀၂၆ ခုနှစ် ပထမသုံးလပတ် ရောင်းအားမှာ ၁၆၂,၀၃၉ စီးရှိကာ ယခင်နှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ၃၆ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။
Vietnam Plus
DOCA (ရန်ကုန်)
