
ကမ္ဘာလုံးဆိုင်ရာ ဖိအားများ မြင့်တက်လာနေသည့်အခြေအနေတွင် ပြည်တွင်းထုတ်လုပ်မှု တည်ငြိမ်မှုနှင့် ထိရောက်သော မူဝါဒများကြောင့် အင်ဒိုနီးရှားနိုင်ငံသည် အစားအစာဖူလုံရေးကို ထိန်းသိမ်းထားနိုင်နေကြောင်း သိရပါသည်။ အမျိုးသား အစားအစာအာဏာပိုင်အဖွဲ့ (Bapanas) ၏အဆိုအရ လူဦးရေအများစု၏ အစားအစာလိုအပ်ချက်များကို လက်ရှိတွင် ပြည်တွင်းထုတ်လုပ်မှုဖြင့် ဖြည့်ဆည်းနိုင်နေပြီး တင်သွင်းမှုအပေါ် မှီခိုနေရမှုကို သိသိသာသာ လျှော့ချနိုင်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၆ ခုနှစ် အစားအစာမျှခြေခန့်မှန်းချက်အရ အင်ဒိုနီးရှားသည် မဟာဗျူဟာမြောက် ကုန်ပစ္စည်း ၁၀ မျိုးအနက် ၃ မျိုးသာ တင်သွင်းရန် လိုအပ်မည်ဖြစ်ပြီး ဆန်၊ ပြောင်း၊ ငရုတ်သီး၊ ကြက်သား၊ ဥနှင့် သကြားတို့ကဲ့သို့ အဓိက ကုန်ပစ္စည်းများကို ပြည်တွင်းမှ အပြည့်အဝ ဖြည့်ဆည်းနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။ အရှေ့တောင်အာရှတွင် လူဦးရေအများဆုံး နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားအတွက် ဆန်ထုတ်လုပ်မှုသည် အရေးကြီးသော အခြေခံထောက်တိုင်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေကြောင်း သိရပါသည်။ ၂၀၂၆ ခုနှစ်တွင် ယခင်နှစ် မှ ကျန်ရှိသော ဆန်ပမာဏ တန်ချိန် ၁၂ သန်းခန့်နှင့် နှစ်စဉ် ထုတ်လုပ်မှု တန်ချိန် ၃၄.၇ သန်းခန့် ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။ သုံးစွဲမှုကို တန်ချိန် ၃၁.၁ သန်းခန့်ဟု ခန့်မှန်းထားပြီး နှစ်ကုန်တွင် အမျိုးသားဆန်သိုလှောင်မှု တန်ချိန် ၁၆ သန်းခန့်အထိ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း သိရပါသည်။ အင်ဒိုနီးရှားနိုင်ငံအမျိုးသား ထောက်ပံ့ပို့ဆောင်ရေးအေဂျင်စီ (Bulog) ကို ပြည်တွင်း ဆန်ဝယ်ယူမှုကို ဦးစားပေးလုပ်ဆောင်ရန် တာဝန်ပေးထားပြီး နိုင်ငံ၏ အစားအစာ ကိုယ်ပိုင်လုံလောက်မှု အစီအစဉ်ကို ခိုင်မာစေရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ လက်ရှိတွင် အဖွဲ့သည် သိုလှောင်ဆန် တန်ချိန် ၄.၇ သန်းကျော် ထားရှိပြီး မကြာမီ ၅ သန်းအထိ ရောက်ရှိနိုင်ကြောင်း သိရပါသည်။ ဧပြီလလယ်အထိ ပြည်တွင်းမှ ဝယ်ယူထားသည့် ပမာဏသည် တန်ချိန် ၁.၉ သန်းနီးပါးရှိပြီး နှစ်စဉ် ရည်မှန်းချက်၏ ၄၈.၇ ရာခိုင်နှုန်းနှင့်ညီမျှကြောင်း သိရပါသည်။ ထို့အပြင် မလေးရှားနိုင်ငံက အင်ဒိုနီးရှားမှ ဆန်တန်ချိန် ၂ သိန်း အနည်းဆုံး တင်သွင်းရန် စိတ်ဝင်စားနေကြောင်း သတင်းများတွင် ဖော်ပြထားသည်ဟု သိရပါသည်။ Bulog သည် ၎င်းလိုအပ်ချက်အပေါ် ဖြည့်ဆည်းနိုင်မှုကို လေ့လာနေပြီး သင့်လျော်သော ပူးပေါင်းဆောင်ရွက်မှု မူဘောင်တစ်ရပ်ဖော်ဆောင်ရန် စဉ်းစားလျက်ရှိကြောင်း သိရပါသည်။ ၎င်းသည် အိမ်နီးချင်းနိုင်ငံများသို့ ဆန်တင်ပို့မှု တိုးချဲ့နိုင်မည့် အခွင့်အလမ်းများ ဖွင့်လှစ်ပေးနိုင်ကြောင်း သိရပါသည်။ ဆန်အပြင် ပြောင်းတွင်လည်း ကိုယ်ပိုင်လုံလောက်မှု အောင်မြင်မှုကောင်းများ ရရှိထားပြီး တိရစ္ဆာန်အစာအတွက် အသုံးပြုသော ပြောင်းတင်သွင်းမှုကို ယခင်နှစ်ကတည်းက ရပ်တန့်နိုင်ခဲ့ကြောင်း သိရပါသည်။ လက်ရှိတွင် တင်သွင်းမှုသည် ပဲပိစပ်၊ ကြက်သွန်ဖြူနှင့် အမဲသားကဲ့သို့ ကုန်ပစ္စည်း အနည်းငယ်တွင်သာဖြစ်ပြီး အစိုးရက ပြည်တွင်းထုတ်လုပ်မှု တိုးတက်ရေးကို ဆက်လက်မြှင့်တင်လျက်ရှိကြောင်း သိရှိရပါသည်။
Vietnam Plus
DOCA (ရန်ကုန်)
