
တောင်သာမြို့နယ်သည် ဆည်ရေသောက်ဒေသတစ်ခုဖြစ်၍ သီးနှံမျိုးစုံအောင်မြင်ဖြစ် ထွန်းလျက်ရှိပြီး စပါး၊ ပဲ၊ ပြောင်း၊ ဆီထွက်သီးနှံ၊ ကြက်သွန်နီနှင့် ကြက်သွန်ဖြူသီးနှံကို လည်းစိုက်ပျိုးလျက်ရှိပါသည်။ တောင်သာမြို့နယ်အတွင်း ကြက်သွန်ဖြူ စိုက်ဧက (၁၈၅) ဧက၊ စိုက်ပျိုးထားကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။အများဆုံးစိုက်ပျိုးထားရှိသော ကျေးရွာများမှာ နစောင်ရွာ၊ ညောင်တိုရွာ၊ နန်းတည်းရွာနှင့် အင်းတဲရွာများတွင် အများဆုံးစိုက်ပျိုးထားကြောင်း၊ တောင်သာမြို့နယ်တွင် ကြက်သွန်ဖြူများကို ၂၀၂၆ခုနှစ်၊မတ်လဆန်းပိုင်း၌ စတင်ရိတ်သိမ်း နေပြီဖြစ်ကြောင်းသိရှိရသည်။ စိုက်ပျိုးမှုအနေဖြင့် ကြက်သွန်ဖြူကို အတက်ကလေးများ နွှာပြီး စိုက်ပျိုးရကြောင်း၊ အများဆုံးစိုက်ပျိုးသော မျိုးများမှာ ဗမာမျိုးများကိုသာ အဓိကထား စိုက်ပျိုးကြကြောင်း၊ ကြက်သွန်ဖြူ (၁)ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း ကျပ်သိန်း (၂၆)ကျပ်ခန့်ကုန်ကျကြောင်း၊ တစ်ဧကအထွက်နှုန်းအနေဖြင့်(၁၀၀၀-၁၃၃၀)ပိဿာခန့်ထွက်ရှိခဲ့ကြောင်း၊ယခု၂၀၂၆ခုနှစ်၊ဧပြီပထမပတ်၌ထွက်ပေါ်သော ကြက်သွန်ဖြူအခြောက် (အသစ်) စျေးနှုန်း (၁)ပိဿာလျှင် (၅၀၀၀-၆၀၀၀)ကျပ် အထိစျေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း၊ ကြက်သွန်ဖြူ အစိုတစ်ပိဿာလျှင်(၃၅၀၀-၄၀၀၀) ကျပ်ခန့်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နှုတ်ပြီး အထွက်နှုန်း အပေါ်မူတည်၍ တစ်ဧကလျှင်ကျပ် (၁၉-၂၀)သိန်းကျော် မြတ်ခဲ့ကြောင်း၊ လက်လီ ကြက်သွန်ဖြူ တစ်ပိဿာ ပေါက်ဈေးအနေဖြင့် (၆၀၀၀-၇၀၀၀) ကျပ်ဖြင့် ရောင်းဝယ်လျက် ရှိကြောင်း၊ ကြက်သွန်ဖြူ ရောင်းဝယ်မှုအနေဖြင့် ပွဲစားများမှ စိုက်ခင်းထဲ အရောက်လာရောက် ဝယ်ယူကြကြောင်း၊ တောင်သူများ အနေဖြင့် ဒေသတွင်းပွဲရုံများနှင့် မြင်းခြံမြို့ ရှိပွဲရုံများသို့လည်း တင်ပို့ရောင်းချကြကြောင်း၊ ကြက်သွန်ဖြူများ အထွက်နှုန်းကောင်း၍ တောင်သူများ အကျိုးအမြတ် အမြတ်ရရှိကြောင်း နန်းတည်ရွာမှ ကြက်သွန်ဖြူ စိုက်တောင်သူတစ်ဦး၏ ပြောကြားချက် အရသိရှိ ရပါသည်။
Doca(မန္တလေး)
