အဓိကဈေးကွက်များအကြားနေရာရရှိမှုမတူညီသော်လည်း တရုတ်နိုင်ငံမှ ဝယ်လိုအားမြင့် တက်လျက်ရှိခြင်းကြောင့် ဗီယက်နမ်၏ ပင်လယ်ရေထွက်ကုန်တင်ပို့မှုသည် စဉ်ဆက်မပြတ် တိုးတက်လျက်ရာ ၂၀၂၆ ခုနှစ် ပထမသုံးလပတ်တွင် နှစ်စဉ် ၈ ရာခိုင်နှုန်းနီးပါးဖြင့် ဒေါ်လာ ၂.၆၄ သန်းရောက်ရှိခဲ့ကြောင်းသိရသည်။
မတ်လတစ်လတည်းမှာပင် ဒေါ်လာ ၉၂၇ သန်း သို့ရောက်ရှိခဲ့ပြီး ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၅ ရာခိုင်နှုန်းတိုးလာကြောင်းသိရသည်။ သို့သော် ဗီယက်နမ်ပင်လယ် ရေထွက်ကုန် ထုတ်လုပ်တင်ပို့သူများအသင်းက ပထမ ၂ လအတွင်း မှတ်တမ်းတင်ရရှိခဲ့သည့် အကြမ်းဖျင်း ၂၀ ရာခိုင်နှုန်းမှ သိသာစွာကျဆင်းလာကြောင်းသိရသည်။
တရုတ်နိုင်ငံသည် ပထမသုံးလပတ်အတွင်း ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးပင်လယ်ရေထွက် ကုန် ဝယ်ယူသူဖြစ်ကာ ဒေါ်လာ ၇၆၄ သန်းနီးပါးတန်ဖိုးဝယ်ယူပြီး၊ နှစ်စဉ် ၄၅ ရာခိုင်နှုန်းနီးပါးတိုး လာကြောင်းသိရသည်။ မတ်လတစ်လတည်းမှာပင် ဒေါ်လာ ၂၅၀ သန်းတင်သွင်းနိုင်ခဲ့ပြီး ၅၀ ရာခိုင်နှုန်းကျော် ဈေးကွက်ရရှိခဲ့ကြောင်းသိရသည်။ ယခင်ဈေးကွက်များဖြစ်သည့် အမေရိကန် ပြည်ထောင်စု၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံများသို့ တင်ပို့မှုကျဆင်းနေသည့်အတွက် တရုတ် နိုင်ငံအနေဖြင့် ကဏ္ဍစုံ တင်သွင်းမှုအားလုံးအပေါ် အဆုံးအဖြတ်ပေးနေသည့်နိုင်ငံအဖြစ် ရပ်တည် နေကြောင်း သိရှိရသည်။
ဒုတိယအထွေထွေအတွင်းရေးမှူး Le Hang က တရုတ်နိုင်ငံ၏ တည်ငြိမ်သည့် ဈေးကွက် ဝယ်လိုအား၊ ကောင်းမွန်သည့် ပို့ဆောင်ထောက်ပံ့ရေးအခြေအနေများနှင့် ရာသီအလိုက် စားသုံးမှု တို့အပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်နှစ်သစ်ကူးပွဲတော်တွင် ပုစွန်၊ ပင်လယ်စာအရှင်နှင့် တန်ဖိုးမြင့်ထုတ်ကုန်များ တင်သွင်းမှုသည် ၂၀၂၅ နှောင်းပိုင်းမှ ၂၀၂၆ အစောပိုင်းအထိ တိုးတက် လျက်ရှိကြောင်း၊ ကျောက်ပုစွန်ကဲ့သို့သော တန်ဖိုးမြင့်ထုတ်ကုန်များကို သိသာစွာ တင်သွင်းလျက် ရှိကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ ဈေးနှုန်းအသင့်အတင့်နှင့် တန်ဖိုးမြင့်ထုတ်ကုန်များ၏ ဈေးကွက် လိုအပ် ချက်သည် ဆက်လက်ဖြစ်ပေါ်နေကြောင်း၊ ပုစွန်တင်ပို့မှုသည် ပထမနှစ်လတွင် ၁၈ ရာခိုင်နှုန်းခန့် မြင့်တက်လျက်ရှိရာ ကနေဒါနိုင်ငံ၏ ကျောက်ပုစွန်တင်ပို့မှုအပေါ် အကောက်ခွန်ပြောင်းလဲမှုများ နှင့် ထုတ်လုပ်မှုနှောင့်နှေးကြန့်ကြာမှုများကြောင့် ဗီယက်နမ်အပါအဝင် ပုစွန်တင်ပို့သူများအားလုံး အတွက် အခွင့်အရေးဖြစ်ကြောင်း၊ ဗီယက်နမ်တင်ပို့သူများအနေဖြင့် ပထဝီဝင်အနေအထား အားသာမှု၊ ထောက်ပံ့မှုကွင်းဆက်များ လွယ်ကူအဆင်ပြေမှုများကြောင့် ဈေးကွက်လိုအပ်ချက် အမြင့်ဆုံးရောက်ရှိနေသည့်ကာလများမှာပင် လိုအပ်ချက်ကို အချိန်မီဖြည့်ဆည်းပေးနိုင်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ ဈေးကွက်လိုလားချက် မြင့်တက်နေမှုသည် ပို့ကုန်လုပ်ငန်းများလည်ပတ်မှု ကို ပြန်လည်ဖော်ဆောင်ပေးနေကြောင်း၊ ပုစွန်တင်ပို့မှုအနေဖြင့် ကျောက်ပုစွန်တင်ပို့မှု မြင့်တက် နေသော်လည်း အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများသို့ အဓိကတင်ပို့နေသည့် ဗီယက်နမ်၏ ခြေချောင်းဖြူပုစွန်တင်ပို့မှုသည်နည်းပါးလျက်ရှိကြောင်းသိရသည်။ ဈေးကွက် လိုအပ်ချက်အများဆုံး ဖြစ်သော ငါးတန် (Pangasius) တင်ပို့မှုသည် တရုတ်နိုင်ငံ အပေါ်များစွာ မှီခိုနေရကြောင်းသိရသည်။
အခြားပင်လယ်ရေထွက်ကုန်များဖြစ်သည့် ဂဏန်းနှင့် ခရုတို့သည်လည်း အာရှဈေးကွက် တွင် လိုအပ်ချက်မြင့်တက်နေကြောင်း၊ ၂၀၂၅ ခုနှစ်တွင် တီလားပီးယား တင်ပို့မှု သိသာစွာမြင့် တက်ခဲ့ပြီး နှစ်စဉ် ၁၉၀ ရာခိုင်နှုန်းဖြင့် ပထမသုံးလပတ်တွင် ဒေါ်လာ ၃၅ သန်းတင်ပို့နိုင်ခဲ့ ကြောင်းသိရသည်။ ပင်လယ်ရေထွက်ကုန်တင်ပို့မှုသည် ဒုတိယသုံးလပတ်တွင် ဆက်လက် တိုးတက်နေသော်လည်း ဈေးကွက်နှင့်ထုတ်ကုန်အမျိုးအစားအလိုက် အပြောင်းအလဲရှိနိုင်ကြောင်း သိရသည်။ ပုစွန်နှင့် ငါးတန် (Pangasius) တင်ပို့မှုသည် အဓိကကဏ္ဍဖြစ်ပြီး ဟောင်ကောင် အပါအဝင် တရုတ်နိုင်ငံသို့ တင်ပို့မှုဆက်လက်တိုးမြှင့်သွားမည် ဖြစ်ကြောင်းသိရသည်။
ဈေးကွက်ဟောင်းများတွင် နေရာတည်မြဲရန် စိန်ခေါ်မှုများရှိသည့် အနေအထားတွင် တင်ပို့ သူများအနေဖြင့် ဝယ်သူများပိုမိုရရှိအောင်ဆောင်ရွက်ရန်၊ ပို့ဆောင်ထောက်ပံမှုလွယ်ကူသည့် ဈေးကွက်များအား ဦးစားပေးရွေးချယ်ရန်နှင့် လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက် များမှတစ်ဆင့် အကောက်ခွန်သက်သာခွင့်အများရရှိနိုင်ရေး ကြိုးစားဆောင်ရွက်ရန် တိုက်တွန်း ထားကြောင်း သိရသည်။
Source: Vietnam Plus, 9 April 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
