
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခု ဖြစ်သော ကြောင့်စပါး၊ပဲ၊ပြောင်း၊နှမ်းသီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများအနက် ဆီထွက်သီးနှံ တစ်မျိုးဖြစ်သော နှမ်းသီးနှံကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင်(၅၁၄၂)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၁၀၉၁)ဧက ၊ မြစ်သားမြို့နယ်တွင် (၅၁၀၀)ဧက ၊ စုစုပေါင်း(၁၁၃၃၃)ဧက စိုက်ပျိုးထားရှိပြီးဧကအားလုံးရိတ်သိမ်းပြီးကြောင်းသက်ဆိုင်ရာဌာန၏စာရင်းများအရသိရှိရပါသည်။ ဆောင်းနှမ်းကို အောက်တိုဘာ နှင့် နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးကြပြီး ယခုအချိန်တွင် ဆောင်းနှမ်းများအားလုံး ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း၊ (၁)ဧက အထွက်နှုန်း အနေဖြင့်(၁၀-၁၂) တင်းခန့်ထွက်ရှိကြောင်း၊ ဆောင်းနှမ်း(၁)ဧကစိုက်ပျိုးလျှင် မျိုးအနေဖြင့်(၂-၃)ပြည် စိုက်ပျိုးရကြောင်း (၁)ပြည်လျှင်(၈၀၀၀/-) ကျပ်စျေးနှုန်းဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း ၊ ဆောင်းနှမ်းစိုက်ပျိုးမှု (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၅၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း ၊ စိုက်ပျိုးသော မျိုးများမှာ နှမ်းဖြူ၊ နှမ်းညို နှင့် နှမ်းနက်မျိုးများကို အများဆုံး စိုက်ပျိုးကြကြောင်း၊ နှမ်းစျေးနှုန်း အနေဖြင့် နှမ်းဖြူတစ်တင်းလျှင်(၁၃၀၀၀၀/-)ကျပ် ၊ နှမ်းညို တစ်တင်းလျှင်(၁၃၂၀၀၀/-)ကျပ် ၊ နှမ်းနက် တစ်တင်းလျှင်(၁၂၀၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေပြီး စိုက်ပျိုးစရိတ်နှုတ်ပြီးအကျိုးအမြတ်အနေဖြင့်(၈၀၀၀၀၀/-)ကျပ်ဝန်းကျင် ခန့်မြတ်ခဲ့ကြောင်း၊ တောင်သူများမှနေလှန်းအခြောက်ခံကာ မြို့ပေါ်ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ ရောင်းချလျက်ရှိကြောင်း၊ ပွဲရုံများမှ တစ်ဆင့် မန္တလေးမြို့၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိ ကြောင်းပွဲရုံများမှသိရှိရပါသည်။
DOCA(မန္တလေး)
