
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် စားသုံးဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဌ၊ အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ (၆.၄.၂၀၂၆) ရက်နေ့ မွန်းလွှဲ(၁၅း၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေးနဒီခန်းမတွင် စားသုံးဆီ လက်လီ၊ လက္ကားအရောင်းဆိုင်ပိုင်ရှင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး တွေ့ဆုံရှင်းလင်းဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ်တာဝန်ခံမှ တက်ရောက်လာသော စားသုံးဆီ လက်လီ/လက္ကားရောင်းချနေသူလုပ်ငန်းရှင်များအား ခရိုင်/မြို့နယ်အတွင်းလက်ရှိဖြစ်ပေါ်နေသော စားသုံးဆီဈေးနှုန်းမြင့်မားခြင်းနှင့် ပတ်သက်၍ စားသုံးဆီရောင်းချသောလုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းမပြုလုပ်ကြရန်၊ စားသုံးသူပြည်သူများအား ထင်ယောင်ထင်မှားဖြစ်စေပြီး ရောနှောရောင်းချခြင်းမျိုးမပြုလုပ်ကြရန်၊ သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ပါကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော ကုန်ပစ္စည်းများကိုသာရောင်းချကြရန် ကုန်အမှတ်တံဆိပ်အလိုက် ဆီအမျိုးအစား ကွဲပြားခြားနားမှုကို စားသုံးသူပြည်သူများအား ရှင်းလင်းပြောကြား၍ ရောင်းချပေးရန်၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဌာန်းချက်များမှ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသော စားသုံးဆီလုပ်ငန်းရှင်များမှ သိရှိလိုသည့်မေးမြန်းချက်များအား မြို့နယ်တာဝန်ခံမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲသို့ စားသုံးဆီလုပ်ငန်းရှင်(၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
