
အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် စတင်မည့် မဖြစ်မနေလိုက်နာရမည့် Biodiesel 50 (B50) အစီအစဉ်ကို အထောက်အပံ့ပေးရန်အတွက် စားအုန်းဆီကြမ်း (CPO) တန်ချိန် ၃.၅ သန်းတန် ပြင်ဆင်ထားကြောင်း စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman က ပြောကြားခဲ့ပါသည်။ "စွမ်းအင်လုံခြုံစိတ်ချရမှု ရရှိစေဖို့ဆိုတဲ့ သမ္မတရဲ့ လမ်းညွှန်ချက်အရ ကျွန်တော်တို့ဆီက အုန်းဆီကြမ်း တန်ချိန် ၅.၃ သန်းကို ဇီဝလောင်စာ (Biofuel) အဖြစ် ပြောင်းလဲမှာဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့ပါသည်။
အဆိုပါမူဝါဒသည် ပြည်တွင်းလိုအပ်ချက်များကို ရေရှည်တည်တံ့အောင် ဖြည့်ဆည်းပေးနိုင်သကဲ့သို့ အပင်အခြေခံ စွမ်းအင်ထုတ်လုပ်မှုကို မြှင့်တင်ပေးသည့် B50 အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သိရပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် လက်ရှိတွင် ကမ္ဘာ့စားအုန်းဆီကြမ်း စျေးကွက်၏ ၆၀ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားပြီး အစိုးရအနေဖြင့် ပြည်ပတင်ပို့မှုနှင့် ပြည်တွင်းအသုံးပြုမှုတို့အကြား မျှတအောင် ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။
စားအုန်းဆီကြမ်း ပြည်ပတင်ပို့မှုသည် တန်ချိန် ၂၆ သန်းမှ ၃၂ သန်းအထိ တိုးတက်လာခဲ့ပြီး ၎င်းအနက် တန်ချိန် ၃.၅ သန်းကို B50 စီမံချက်အတွက် အထူးသီးသန့် သတ်မှတ်ထားခြင်းဖြစ်ကြောင်း သိရပါသည်။ ကမ္ဘာ့စျေးကွက်တွင် စျေးနှုန်းမြင့်တက်လာမှုကြောင့် တောင်သူများ အနေဖြင့် ထုတ်လုပ်မှုစွမ်းအားမြှင့်တင်ရန် တွန်းအားဖြစ်စေခဲ့ရာ စားအုန်းဆီကြမ်းထုတ်လုပ်မှုမှာ တန်ချိန် ၆ သန်းခန့်အထိ မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။
အင်ဒိုနီးရှားနိုင်ငံ၏ စုစုပေါင်းထုတ်လုပ်မှု မြင့်တက်လာခြင်းကြောင့် ဇီဝလောင်စာအတွက် ခွဲတမ်းချထားမှုသည် ပြည်ပတင်ပို့မှုအပေါ် အနှောင့်အယှက်ဖြစ်စေမည်မဟုတ်ကြောင်း ဝန်ကြီး Sulaiman က ပြောကြားခဲ့ပါသည်။ ၎င်းက "B50 အစီအစဉ်ကို ဒီနှစ်အတွင်းမှာ အောင်မြင်အောင် ဆောင်ရွက်မှာဖြစ်ပြီး စွမ်းအင်နဲ့ သယံဇာတဝန်ကြီး Bahlil Lahadalia နဲ့လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်" ဟု ထပ်မံပြောကြားခဲ့ပါသည်။
၎င်းမူဝါဒသည် စွမ်းအင်လုံခြုံမှုကို ခိုင်မာစေပြီး တောင်သူများ၏ လူမှုစီးပွားဘဝကို မြှင့်တင်ပေးနိုင်မည့်အပြင် အုန်းဆီထုတ်လုပ်သည့် ဒေသများ၏ စီးပွားရေးလုပ်ငန်းများကိုလည်း အားကောင်းလာစေမည်ဖြစ်ကြောင်း သိရပါသည်။ စားအုန်းဆီကြမ်းကို ဇီဝလောင်စာအတွက် အသုံးပြုခြင်းက ကမ္ဘာ့စျေးကွက်တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည့် အင်ဒိုနီးရှားနိုင်ငံ၏ ရပ်တည်ချက်ကို ပိုမိုခိုင်မာစေမည်ဟု ဝန်ကြီးက ယုံကြည်မှုရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ဟု သိရှိရပါသည်။
ယခင်ကလည်း စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေးဝန်ကြီး Airlangga Hartarto က B50 မူဝါဒသည် အစိုးရ၏ ထောက်ပံ့ကြေးငွေ ရူပီး ၄၈ ထရီလီယံကို သက်သာစေမည်ဟု ပြောကြားခဲ့ကြောင်း သိရပါသည်။ စားအုန်းဆီ ၅၀ ရာခိုင်နှုန်းနှင့် ဒီဇယ်လောင်စာ ၅၀ ရာခိုင်နှုန်း ပေါင်းစပ်အသုံးပြုမည့် အစီအစဉ်သည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
Source: antara
DOCA (ရန်ကုန်)
