Main menu

တရုတ်ကော်ဖီဆိုင်လုပ်ငန်းစုများ ပြည်ပသို့ချဲ့ထွင်ရာတွင် ဈေးနှုန်းချိုသာမှုထက် အရည်အသွေးမြှင့်တင်ရေးကို အလေးထားလာ

Powered by Drupal

          တရုတ်ကော်ဖီဆိုင်လုပ်ငန်းစုများသည် ယခင်က ဈေးနှုန်းအလွန်ချိုသာစွာရောင်းချသည့် နည်းဗျူဟာဖြင့် ဆိုင်ခွဲပေါင်း ထောင်ချီဖွင့်လှစ်ကာ လျင်မြန်စွာတိုးတက်လာခဲ့သော်လည်း ယခုအခါ ထိုနည်းလမ်းမှာ ထိရောက်မှုလျော့နည်းလာပြီဖြစ်သည်။ ထို့ကြောင့် အဆိုပါ အမှတ်တံဆိပ်များသည် ထုတ်ကုန်အရည်အသွေးနှင့် ဝန်ဆောင်မှုအတွေ့အကြုံများ ပိုမိုကောင်းမွန်လာစေရန် အာရုံစိုက်လာကြသည်။

       Cotti Coffee သည် ယခုနှစ်မှစတင်ကာ အဖျော်ယမကာတစ်ခွက်လျှင် ၉.၉ ယွမ် (၁.၄ ဒေါ်လာခန့်) ဖြင့်ရောင်းချသည့် လျှော့ဈေးအစီအစဉ်များကို လျှော့ချခဲ့သည်။ အဆိုပါ နည်းဗျူဟာမှာ ၂၀၂၂ ခုနှစ် စတင်တည်ထောင်ချိန်မှစ၍ နိုင်ငံပေါင်း ၂၈ နိုင်ငံတွင် ဆိုင်ခွဲပေါင်း ၁၈,၀၀၀ အထိ တိုးချဲ့နိုင်ရန် ကူညီပေးခဲ့ခြင်းဖြစ်သည်။ ယခုအခါ ၎င်းတို့သည် မြို့ကြီးများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်မှု လျှောက်ထားမှုများကိုရပ်ဆိုင်းထားပြီး ဝန်ဆောင်မှုအတွေ့အကြုံကောင်းမွန်စေရန် ကိုယ်ပိုင်ဆိုင်ခွဲများ တည်ဆောက်ရေးကိုသာ ဦးစားပေးတော့မည် ဖြစ်သည်။

           တစ်ချိန်တည်းမှာပင် Mixue Bingcheng သည်လည်း ကော်ဖီမှုန့်သုံးစွဲမှုအစား ကော်ဖီစေ့ကို ကိုယ်တိုင်ချက်ချင်းကြိတ်၍ ဖျော်စပ်သည့် စနစ်သို့ ပြောင်းလဲရန် ပြင်ဆင်နေကြောင်း သတင်းများထွက်ပေါ်နေသည်။ ထို့အပြင် အလိုအလျောက်ကော်ဖီ ဖျော်စက်များ၊ ကော်ဖီစေ့ အမျိုးအစားသစ်များနှင့် နို့အစရှိသည့် ပါဝင်ပစ္စည်းများကို အဆင့်မြှင့်တင်ရန် စီစဉ်နေသည်။

          တရုတ်ပြည်တွင်း စားသောက်ကုန်နှင့် အဖျော်ယမကာဈေးကွက်သည် ပြည့်နှက်နေပြီဖြစ်သောကြောင့် လုပ်ငန်းစုများသည် ပြည်ပသို့ ခြေဆန့်လာကြခြင်းဖြစ်သည်။ Luckin Coffee သည် ပြီးခဲ့သည့်လက ဆိုင်ခွဲပေါင်း ၃၀,၀၀၀ ပြည့်မြောက်ခြင်းကို ဆင်နွှဲခဲ့ပြီး ဟောင်ကောင်၊ စင်ကာပူနှင့် မလေးရှားတို့သို့ ချဲ့ထွင်ခဲ့ပြီးဖြစ်သည်။ Luckin Coffee သည် အမေရိကန်စတော့ ဈေးကွက်သို့ ပြန်လည်ဝင်ရောက်ရန် ပြင်ဆင်နေသကဲ့သို့ ၎င်း၏ အဓိကရှယ်ယာရှင်ဖြစ်သူ Centurium Capital ကလည်း နာမည်ကြီး Blue Bottle Coffee ၏ ဆိုင်ခွဲပိုင်ဆိုင်မှုများကို Nestle ထံမှ ဒေါ်လာ ၄၀၀ သန်းအောက်ဖြင့် ဝယ်ယူရန် သဘောတူညီခဲ့သည်။

           ပညာရှင်များ၏ အဆိုအရ ဤဝယ်ယူမှုသည် Luckin Coffee အတွက် အဆင့်မြင့် (Premium) ကုန်အမှတ်တံဆိပ်တစ်ခုအဖြစ် ရပ်တည်နိုင်ရန် ဖြည့်ဆည်းပေးခြင်းဖြစ်သည်ဟုဆိုသည်။ တရုတ်ကော်ဖီအမှတ်တံဆိပ်များဖြစ်သော Lucky Cup (Mixue အုပ်စုဝင်)၊ Luckin နှင့် Cotti တို့သည် ဆိုင်ခွဲပေါင်း သောင်းနှင့်ချီ ရှိလာသော်လည်း ပြည်ပဈေးကွက်တွင် အောင်မြင်မှုရရန်မှာ မသေချာကြောင်း သိရသည်။

         ပြည်ပနိုင်ငံများတွင် ဆိုင်ခန်းငှားရမ်းခ၊ လုပ်အားခနှင့် ဥပဒေကြောင်းအရ လိုက်နာရမည့် ကုန်ကျစရိတ်များမြင့်မားသဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချခြင်းမှာ ရေရှည်တွင် အကျိုးအမြတ်ရရန် ခက်ခဲနိုင်သည်။

        အနောက်နိုင်ငံရှိ စားသုံးသူများသည် ဈေးနှုန်းထက် ကုန်အမှတ်တံဆိပ်၏ ပုံရိပ်၊ အရည်အသွေးနှင့် ဝန်ဆောင်မှုကို ပိုမိုတန်ဖိုးထားကြသည်။ အရှိန်အဟုန်ဖြင့် တိုးချဲ့ခြင်းကြောင့် ဆိုင်ခွဲအချင်းချင်း ဈေးကွက်လုခြင်းနှင့် ဈေးနှုန်းစစ်ပွဲများ ဖြစ်ပေါ်လာကာ အကျိုးအမြတ်ကို ထိခိုက်စေနိုင်သည်။

        သို့သော်လည်း လက်ရှိတွင် အရည်အသွေးမြှင့်တင်သည့် နည်းဗျူဟာမှာ ရလဒ်ကောင်းများ ပြသနေသည်။ ဥပမာအားဖြင့် Tianlala လက်ဖက်ရည်ဆိုင်ခွဲသည် ကော်ဖီစက်များ စတင်တပ်ဆင်ပြီးနောက် ကော်ဖီရောင်းအား ၂၇ ရာခိုင်နှုန်း မြင့်တက်ကာ စုစုပေါင်းဝင်ငွေ ၅၀ ရာခိုင်နှုန်းကျော် တိုးတက်လာခဲ့သည်။

          တရုတ်ကော်ဖီဆိုင်များသည် ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်များအဖြစ် ရပ်တည်နိုင်ရန်အတွက် ဈေးနှုန်းအပြင် အရည်အသွေးနှင့် ဒေသဆိုင်ရာ ယဉ်ကျေးမှုများတွင် ပေါင်းစပ်ဝင်ဆံ့နိုင်မှုကို အဓိကထား၍ ပြောင်းလဲလုပ်ဆောင်နေကြပြီဖြစ်ကြောင်း သိရှိရပါသည်။

Source : VN Express                                                                           

DOCA (ရန်ကုန်)