
၂၀၂၆ ခုနှစ်၏ ပထမသုံးလပတ်အတွင်း ဗီယက်နမ်နိုင်ငံ၏ ကော်ဖီတင်ပို့မှုမှာ ပမာဏအားဖြင့် သိသိသာသာ တိုးတက်ခဲ့သော်လည်း ကမ္ဘာ့ဈေးကွက်အတွင်း ကော်ဖီဈေးနှုန်းများ ကျဆင်းမှုကြောင့် ရရှိသည့်ပို့ကုန်ဝင်ငွေမှာ ယခင်နှစ်ထက် လျော့နည်းသွားကြောင်း စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၆ ခုနှစ်၊ ပထမသုံးလအတွင်း ဗီယက်နမ်သည် ကော်ဖီတန်ချိန် ၅၇၇,၃၀၀ တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂.၇၁ ဘီလီယံ ရရှိခဲ့သည်။ ယင်းသည် ယခင်နှစ်ကာလတူ ထက် ပမာဏအား ဖြင့် ၁၂.၆ ရာခိုင်နှုန်း တိုးတက်လာသော်လည်း ဝင်ငွေတန်ဖိုးအားဖြင့် ၆.၄ ရာခိုင်နှုန်း ကျဆင်းသွားခြင်းဖြစ်သည်။ အဓိကအကြောင်းရင်းမှာ ပျမ်းမျှပို့ကုန်ဈေးနှုန်းသည် တစ်တန်လျှင် ဒေါ်လာ ၄,၆၉၆ ခန့်သာရှိတော့ပြီး ၁၆.၉ ရာခိုင်နှုန်းခန့် ထိုးကျသွားသောကြောင့်ဖြစ်သည်။
ဂျာမနီ၊ အီတလီနှင့် စပိန်တို့မှာ ဗီယက်နမ်ကော်ဖီ၏ အဓိကဝယ်ယူသူများအဖြစ် ဆက်လက်ရှိနေပြီး အထူးခြားဆုံးအနေဖြင့် တရုတ်နိုင်ငံသို့တင်ပို့မှုမှာ ယခင်နှစ်ထက် နှစ်ဆ (၁၀၀%) အထိ မြင့်တက်လာခဲ့သည်။ သို့သော် ဖိလစ်ပိုင်နိုင်ငံသို့ တင်ပို့မှုမှာမူ ၂၃.၉ ရာခိုင်နှုန်း အထိ လျော့ကျခဲ့သည်။
ကော်ဖီဈေးနှုန်းများ ကျဆင်းရခြင်းမှာ ကမ္ဘာ့အကြီးဆုံး ကော်ဖီထုတ်လုပ်သည့် ဘရာဇီးနိုင်ငံတွင် စံချိန်တင် အထွက်နှုန်းကောင်းမွန်မည့် အလားအလာရှိနေခြင်းကြောင့်ဖြစ်သည်။ ထို့အပြင် အမေရိကန်ဒေါ်လာ တန်ဖိုးမာန်တက်လာခြင်းနှင့် ယူဂန်ဒါကဲ့သို့သောနိုင်ငံများမှ ကော်ဖီအထွက်နှုန်း တိုးလာခြင်းတို့ကလည်း ဈေးကွက်ကို ဖိအားပေးလျက်ရှိသည်။
ဗီယက်နမ်ပြည်တွင်းရှိ အလယ်ပိုင်းကုန်းမြင့်ဒေသတွင်လည်း မတ်လအတွင်း ကော်ဖီဈေးနှုန်းမှာ တစ်ကီလိုလျှင် ၂,၅၀၀ မှ ၂,၈၀၀ ဗီယက်နမ်ဒေါင်အထိကျဆင်းခဲ့ပြီး လက်ရှိတွင် တစ်ကီလိုလျှင် ၉၃,၀၀၀ ဝန်းကျင်သာရှိတော့သည်။
ဈေးကွက်အတက်အကျဒဏ်ကို ခံနိုင်ရည်ရှိစေရန်အတွက် ဗီယက်နမ်ကော်ဖီလုပ်ငန်းရှင်များသည် အရေအတွက်ထက် အရည်အသွေးမြှင့်တင်ရန်ပြင်ဆင်လာကြသည်။ Buon Ma Thuot ကော်ဖီအသင်းက ဦးဆောင်၍ “Robusta XXI” အမည်ရှိ အစီအစဉ်ကို စတင်ခဲ့သည်။ ဤစီမံကိန်းသည် ဗီယက်နမ် Robusta ကော်ဖီကို ကမ္ဘာ့အဆင့်မီ စံချိန်စံညွှန်းများ သတ်မှတ်ရန်နှင့် နိုင်ငံတကာဈေးကွက်တွင် ပိုမိုခိုင်မာသော ဈေးနှုန်းတစ်ခုရရှိစေရန် ရည်ရွယ်သည်။
ရေတိုတွင် ကမ္ဘာ့စီးပွားရေး မရေရာမှုများကြောင့် ကော်ဖီဈေးကွက်မှာ ဖိအားများနှင့် ဆက်လက်ရင်ဆိုင်ရနိုင်သော်လည်း၊ ရေရှည်တွင် အရည်အသွေးမြှင့်တင်မှုနှင့် အတူ ဗီယက်နမ်ကော်ဖီသည် ကမ္ဘာ့ဈေးကွက်တွင် အခိုင်အမာ ဆက်လက်ရပ်တည်နိုင်မည်ဟု ကျွမ်းကျင်သူများ က သုံးသပ်ထားကြောင်း သိရှိရပါသည်။
Source : Vn Economy
DOCA (ရန်ကုန်)
