
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်ရှိ ကျေးရွာများသည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို အဓိကအားထား၍ လုပ်ကိုင်ကြသည်။ ရာသီအလိုက် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိပါသည်။ နွေစပါးသီးနှံကို ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှ စတင်စိုက်ပျိုးပြီး ဧပြီလလယ်အထိ စိုက်ပျိုး ကြပါသည်။ ရိတ်သိမ်းချိန်အနေဖြင့် စိုက်ပျိုးချိန်ပေါ်မူတည်၍ ကွာခြားပါသည်။ စိုက်ပျိုးသည့် စပါးမျိုးများမှာ ဆင်းသုခ၊ ဆာဖိုးစာ၊ အောင်နိုင်တိုးစပါးမျိုးတို့ကို စိုက်ပျိုးပြီး ပေါက်မြို့နယ်၏ နွေစပါးစိုက်ပျိုးမှု ဧက (၂၁၇)ရှိသည်ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။ တစ်ဧက ကုန်ကျစရိတ်မှာ ထွန်ယက်ခ၊ လက်ဖြင့် လုပ်အားခ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ရေသွင်းစရိတ် အပါအဝင် စုစုပေါင်းကုန်ကျစရိတ် ကျပ်သိန်း(၃၀) ခန့် ကုန်ကျကြောင်း သိရှိရပါသည်။
လုပ်သားရှားပါးလာမှုကြောင့် လုပ်သားခမြင့်တက်ခြင်း၊ ထွန်ယက်ခမြင့်တက်ခြင်းနှင့် သယ်ယူပို့ဆောင်ရေးခက်ခဲသဖြင့် စက်သုံးဆီ၊ ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးသုံးဆေးဝါးများ၏ ဈေး နှုန်း အဆမတန်ကြီးမြင့်မှုတို့ကြောင့် ကုန်ကျစရိတ်ကို သိသိသာသာ မြင့်တက်စေပါသည်။ အထွက် နှုန်းအနေဖြင့် တစ်ဧကလျှင် တင်း(၁၀၀-၁၁၀)အထိထွက်ရှိကြောင်း သိရှိရပါသည်။ နွေစပါးစိုက်ပျိုးမှုမှ အကျိုးအမြတ်သည် ထွက်ရှိမှု စပါးဈေးနှုန်းပေါ်တွင် မူတည်နေသည်။ လက်ရှိဒေသပေါက်ဈေး တစ်တင်းလျှင် ကျပ်(၄၅၀၀၀-၅၀၀၀၀)အတွင်း ဖြစ်ပေါ်နေသည်။ ထွက်ရှိမှုဈေးနှုန်းကိုတွက်ချက်ပါက တစ်ဧက စုစုပေါင်း ဝင်ငွေ ကျပ်သိန်း (၄၅ - ၅၀) အထိရရှိနိုင်ပြီး တောင်သူတစ်ဦး၏ တစ်ဧကဝင်ငွေ အသားတင်အကျိုးအမြတ်မှာ ကျပ်သိန်း (၁၅-၂၀)ခန့် ကျန်ရှိကြောင်း နွေစပါးစိုက်ပျိုးသူ တောင်သူ ထံမှ သိရှိရပါသည်။
DOCA(မကွေး)
