Main menu

မြန်မာနှင့် လာအိုသို့ စက်သုံးဆီတင်ပို့မည်ဖြစ်ကြောင်း ထိုင်းအစိုးရ ရှင်းလင်းပြောကြား

Powered by Drupal

       စက်သုံးဆီအရောင်းဆိုင်များ၌ ဆီပြတ်လပ်မှုကို ပြည်သူများ ကြုံတွေ့နေရပြီး အစိုးရသည် လည်း စွမ်းအင်ဆိုင်ရာ အရေးပေါ်အစီအမံများနှင့် ညွှန်ကြားချက်များကို ဆက်တိုက်ထုတ်ပြန်လျက် အကျပ်အတည်း စီမံခန့်ခွဲမှု ပြုနေရချိန်တွင် ထိုင်းနိုင်ငံ အနေဖြင့် ယင်းအခြေအနေကို မည် သို့ ကိုင်တွယ်မည်ဆိုသည်မှာ အလေးထားရမည့်ကိစ္စတစ်ရပ် ဖြစ်လာပါသည်။

      အကယ်၍ အရှေ့အလယ်ပိုင်းဒေသ၌ စစ်ပွဲဖြစ်ပွားမှု ကြာမြင့်ပါက ယင်းဒေသမှ ရေနံထုတ် လုပ်မှုနှင့် Hormuz ရေလက်ကြားမှ ဖြတ်သန်းတင်ပို့မှုတို့ကို ထိခိုက်ပြီး စက်သုံးဆီပြတ်လပ်နိုင်ခြေ ရှိသည့်အပေါ် လာအိုနှင့် မြန်မာနိုင်ငံတို့မှအပ အခြားနိုင်ငံများသို့ စက်သုံးဆီ တင်ပို့ရောင်းချမှု တားမြစ်ပိတ်ပင်သည့် အမိန့်တစ်ရပ်ကို ထိုင်းဝန်ကြီးချုပ် Anutin Charnvirakul က လက်မှတ် ရေးထိုး ထုတ်ပြန်ထားပြီးဖြစ်သည်။ ထိုသို့ အကျပ်အတည်းရင်ဆိုင်နေရချိန်၌ မည်သည့်အတွက် ကြောင့် မြန်မာနှင့် လာအိုသို့ နေ့စဉ် စက်သုံးဆီလီတာ ငါးသန်းခန့် ဆက်လက်တင်ပို့ခွင့်ပြုနေသည် ကို မေးခွန်းထုတ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

       သို့ရာတွင် အရှေ့အလယ်ပိုင်းဒေသ စစ်ပွဲအပေါ် စောင့်ကြည့်လေ့လာ သုံးသပ်သည့် အစိုးရ ဌာနက သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့အပြီး၌ ယင်းကိစ္စနှင့်ပတ်သက်၍ ပိုမိုရှင်းလင်းမှု ရှိလာခဲ့သည်။ ထိုင်းနိုင်ငံအနေဖြင့် အဆိုပါနှစ်နိုင်ငံနှင့် စာချုပ်ချုပ်ဆို၍ ကတိကဝတ်ထားရှိမှုများ အပြင် စွမ်းအင်စီမံခန့်ခွဲမှု မဟာဗျူဟာ၏ တစ်စိတ်တစ်ဒေသအဖြစ် ထိုကဲ့သို့ စက်သုံးဆီများ ဆက်လက်တင်ပို့ရောင်းချရန် ခွင့်ပြုထားခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် LNG ဓာတ်ငွေ့ ဈေးနှုန်း သည် စွမ်းအင်ယူနစ် BTU တစ်သန်းလျှင် ၁၀ အမေရိကန်ဒေါ်လာနှုန်းမှ ၂၅  အမေရိကန်ဒေါ်လာ နှုန်းသို့ မြင့်တက်ခဲ့ပြီးနောက် စက်သုံးဆီဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ကုန်ကျစရိတ်သည် သိသာစွာ မြင့်မားလာနိုင်ကြောင်း ၎င်းဌာနက ပြောဆိုခဲ့သည်။

       အမျိုးသား စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုကောင်စီ (National Economic and Social Development Council - NESDC) ၏ အထွေထွေအတွင်းရေးမှူး Danucha Pichayanan က အိမ်နီးချင်းနှစ်နိုင်ငံဖြစ်သော လာအိုနှင့် မြန်မာသို့သာ စက်သုံးဆီတင်ပို့မှုကို ကန့်သတ်ထားရှိ ဆောင်ရွက်ကြောင်း၊ လက်ရှိကာလတွင် နေ့စဉ်တင်ပို့မှုပမာဏကို လီတာ ၅ သန်း ထက်မပိုစေပဲ ကန့်သတ်ထားပြီး လာအိုသို့ စက်သုံးဆီလီတာ ၄ သန်းကျော်နှင့် မြန်မာသို့ လီတာ ၃၀၀၀၀၀ ခန့် သာ နေ့စဉ်တင်ပို့ကြောင်း၊ ထိုင်းနှင့် လာအိုနိုင်ငံတို့အကြား စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အထူးသဖြင့် လာအိုထံမှ ရေအားလျှပ်စစ် တင်သွင်းမှု အစီအစဉ်အရ ၎င်းတို့ အနေဖြင့် လာအိုသို့ စက်သုံးဆီ ဆက်လက်တင်ပို့ရန် လိုအပ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

       အကယ်၍ ကမ္ဘာ့ LNG ဓာတ်ငွေ့ဈေးနှုန်းများ ဆက်လက်မြင့်တက်လာပါက ထိုင်းနိုင်ငံ အနေဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်‌ဖြူးရာ၌ သဘာဝဓာတ်ငွေ့၊ ရေအားလျှပ်စစ်နှင့် ကျောက်မီးသွေးတို့ကို ပေါင်းစပ်အသုံးပြုသည့် စွမ်းအင်ရောနှောမှုစနစ်မှတစ်ဆင့် ချိန်ညှိဆောင် ရွက်ရန် လိုအပ်ဖွယ်ရှိသည်။ သို့ဖြစ်ရာ ရှေ့လာမည့်ကာလများတွင် သဘာဝဓာတ်ငွေ့ ဈေးနှုန်းများ မြင့်တက်လာပါက ပျမ်းမျှ လျှပ်စစ်ဓာတ်အားခ ဈေးနှုန်းကို လျှော့ချနိုင်ရန်အတွက် ရေအားဖြင့် ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားကို ပိုမိုတင်သွင်းလာရဖွယ်ရှိသည်။ ဤအခြေအနေက ထိုင်း နိုင်ငံအတွက် ၎င်း၏ အိမ်နီးချင်းထံသို့ စက်သုံးဆီပံ့ပိုးမှု ဆက်လက်လုပ်ဆောင်ရန် လိုအပ်စေလျက် ရှိသည်။

       မြန်မာနိုင်ငံသို့ စက်သုံးဆီ ဆက်လက်ရောင်းချတင်ပို့ခွင့်ပြုရသည့် အကြောင်းအရင်းမှာမူ မြန်မာဘက်မှ ထုတ်လုပ်တင်ပို့မှု အပါအဝင် သဘာဝဓာတ်‌ငွေ့ကို ပိုက်လိုင်းသွယ်တန်း၍ တင်သွင်း နေရသောကြောင့်ဖြစ်သည်။ ထိုသို့ တင်သွင်းလာသည့် သဘာဝဓာတ်‌ငွေ့ဖြင့် Ratchaburi ဒေသရှိ လျှပ်စစ်ဓာတ်အားစက်ရုံကိုလည်ပတ်လျက် နိုင်ငံ၏ အလယ်ပိုင်းနှင့် တောင်ပိုင်းနယ်မြေဒေသများ သို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးလျက်ရှိသည်။ အဆိုပါ လုပ်ငန်းနယ်ပယ်တွင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်နေမှုအရ ထိုင်းနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံသို့ စက်သုံးဆီတင်ပို့မှုကို ဆက်လက်လုပ် ဆောင်ရန်ရှိကြောင်း The Nation သတင်းဌာနက ဖော်ပြထားသည်။

Source: The Nation Thailand, 29 March 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)