Main menu

ဖိလစ်ပိုင်နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍအတွက် ကမ္ဘာ့ဘဏ်က ဒေါ်လာ ၁ ဘီလီယံ ချေးငွေအတည်ပြု

Powered by Drupal

         ကမ္ဘာ့ဘဏ် (WB) သည် ဖိလစ်ပိုင်နိုင်ငံ၏ စားနပ်ရိက္ခာစနစ်တွင် စိုက်ပျိုးရေးကဏ္ဍ ကုန်ထုတ်စွမ်းအား မြှင့်တင်ရန်နှင့် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို အားကောင်းစေရန် ရည်ရွယ်၍ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ချေးငွေကို အတည်ပြုလိုက်ကြောင်း သိရပါသည်။ ဝါရှင်တန်အခြေစိုက် အဆိုပါ ငွေချေးအဖွဲ့အစည်းက ၎င်းတို့၏ အမှုဆောင်ဒါရိုက်တာများအဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံ၏ ကဏ္ဍအလိုက် ပြုပြင်ပြောင်းလဲမှုများကိုပံ့ပိုးပေးမည့် "ဖိလစ်ပိုင် ရေရှည်တည်တံ့သော စိုက်ပျိုးရေးအသွင်ကူးပြောင်းမှုစီမံကိန်း" (PSAT) အတွက် ရန်ပုံငွေကို တရားဝင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း မကြာသေးမီက ကြေညာခဲ့ကြောင်း သိရပါသည်။

         အဆိုပါအစီအစဉ်သည် စိုက်ပျိုးရေးလုပ်ထုံးလုပ်နည်းများကို ခေတ်မီအောင် ဆောင်ရွက်ခြင်း၊ စားနပ်ရိက္ခာနှင့် အာဟာရဖူလုံမှုကို မြှင့်တင်ခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းတို့ကို ကူညီပေးမည်ဖြစ်ကာ တစ်နိုင်ငံလုံးရှိ ဖိလစ်ပိုင်လယ်သမား အနည်းဆုံး ငါးသန်းခန့် အကျိုးကျေးဇူး ခံစားရမည်ဖြစ်ကြောင်း သိရပါသည်။ "ဒါဟာ ဖိလစ်ပိုင်စိုက်ပျိုးရေး ကဏ္ဍအတွက် အသွင်ကူးပြောင်းလဲစေမယ့် ရင်းနှီးမြှုပ်နှံမှုတစ်ခုပါပဲ" ဟု ဖိလစ်ပိုင်၊ မလေးရှားနှင့် ဘရူနိုင်းနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ဌာနခွဲ ညွှန်ကြားရေးမှူး Zafer Mustafaoğlu က ပြောကြားခဲ့ကြောင်း သိရပါသည်။

           PSAT စီမံကိန်းသည် ရာသီဥတုနှင့် ကိုက်ညီသော စိုက်ပျိုးနည်းစနစ်များကို မိတ်ဆက်ပေးမည်ဖြစ်ပြီး ၎င်းတွင် မြေသြဇာနှင့် မျိုးစေ့စီမံခန့်ခွဲမှု မြှင့်တင်ခြင်း၊ ရေချွေတာခြင်းနှင့် ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချသည့် နည်းပညာများ၊ ရိတ်သိမ်းချိန်လွန် လေလွင့်ဆုံးရှုံးမှု လျှော့ချခြင်းတို့ ပါဝင်မည်ဖြစ်ကြောင်း သိရပါသည်။

         ထို့အပြင် လယ်သမားများ စိုက်ပျိုးသီးနှံ အမျိုးအစားစုံလင်စေရန်၊ တန်ဖိုးမြင့်သီးနှံများနှင့် ပို့ကုန်လက်မှတ်ထုတ်ပေးသည့် ဓာတ်ခွဲခန်းများကို ပိုမိုလက်လှမ်းမီစေရန် လုပ်ဆောင်ပေးခြင်းဖြင့် လယ်ယာထွက်ကုန်တင်ပို့မှုကို မြှင့်တင်ပေးခြင်း၊ ဈေးကွက်ရရှိမှု တိုးတက်စေခြင်းနှင့် ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍကို ခေတ်မီအောင် လုပ်ဆောင်ပေးခြင်းတို့ကိုလည်း ကူညီပေးမည်ဖြစ်ကြောင်း သိရပါသည်။ PSAT သည်ဘတ်ဂျက်ရေးဆွဲခြင်း၊ အချက်အလက်စီမံခန့်ခွဲမှုနှင့် ဝယ်ယူရေးလုပ်ငန်းစဉ်များကို အားကောင်းစေခြင်းဖြင့် စိုက်ပျိုးရေးဝန်ကြီးဌာနကို ပိုမိုခေတ်မီလာစေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရပါသည်။

        "ဒီအစီအစဉ်သစ်ဟာ လယ်သမားတွေရော စားသုံးသူတွေအတွက်ပါ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အကျိုးကျေးဇူးတွေပေးစွမ်းဖို့ ရည်ရွယ်ပါတယ်။ စိုက်ပျိုးရေးကုန်ထုတ် စွမ်းအားပိုမိုအားကောင်းလာတာ၊ သီးနှံစုံလင်လာတာ၊ ရာသီဥတုဒဏ်ခံနိုင်ရည် မြင့်တက်လာတာ၊ ရိတ်သိမ်းချိန်လွန် လေလွင့်မှုလျော့နည်းလာတာနဲ့ လယ်ယာထွက်ကုန် ပြည်ပတင်ပို့မှု တိုးတက်လာတာတွေကတစ်ဆင့် လယ်သမားတွေ ဝင်ငွေပိုရလာမှာပါ။ အစိုးရရဲ့ အရင်းအမြစ်တွေကို ပိုမိုထိရောက်စွာ အသုံးပြုခြင်းကလည်း ဒီအကျိုးအမြတ်တွေကို ပိုမိုတိုးပွားစေမှာ ဖြစ်ပါတယ်" ဟု ကမ္ဘာ့ဘဏ်၏ စိုက်ပျိုးရေးဆိုင်ရာ အကြီးတန်းပါရဂူ Mio Takada က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: Philstar                                                                        

DOCA (ရန်ကုန်)