
ဆေးဖက်ဝင် သံပုရာသီးကို ပခုက္ကူမြို့အနီးတစ်ဝိုက်ရှိ ကျွန်းဦး၊ ကျွန်းညို၊ ကံလှကျေးရွာ များနှင့် မြစ်ခြေ၊ ကမ္မမြို့ ဥယျာဉ်ခြံမြေများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ သံပုရာပင်သည် နှစ်ရှည်ပင်ဖြစ်သည့်အတွက် တစ်ခါစိုက်ပျိုးပြီးလျှင်ပင် နှစ်ရှည်ထိုင်စား၍ရသော သီးနှံပင် ဖြစ်ပါ သည်။ သံပုရာပင်ကို တစ်ချို့မှာ အိမ်ခြံဝန်းထဲတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသလို စီးပွားဖြစ်လည်း စိုက်ပျိုးကြပါသည်။ သံပုရာပင်တစ်ပင်လျှင်ထွက်ရှိသော ပျမ်းမျှအသီးနှုန်းမှာ (၉၀-၁၀၀)အထိ ထွက် ရှိကြောင်း သိရပါသည်။ ပခုက္ကူဈေးကွက်သို့ အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ လာရောက်ရောင်းချ ကြောင်းသိရပါသည်။ ပခုက္ကူ ဈေးကွက်တွင်ရောင်းချလျက်ရှိသော သံပုရာသီးဈေးနှုန်းများအနေဖြင့် ၂၀၂၆ခုနှစ်၊ ဖေဖေါ်ဝါရီလ (စတုတ္ထပတ်)တွင် တစ်လုံးလျှင် ကျပ်(၅၀၀ မှ ၈၀၀)ဈေးရှိခဲ့ပြီး ဆယ်လုံး လျှင် ကျပ်(၅၀၀၀ ကျပ်မှ ၈၀၀၀)၊ မတ်လ(တတိယပတ်)တွင် တစ်လုံးလျှင် ကျပ်(၈၀၀ ကျပ်မှ ၁၀၀၀)၊ ဆယ်လုံးလျှင် ကျပ်(၈၀၀၀ မှ ၁၀၀၀၀)ဈေးဖြင့် ရောင်းချနေပြီး ယခင်ဖေဖောဝါရီလနှင့် နှိုင်းယှဉ်ပါက တစ်လုံးလျှင် ကျပ်(၃၀၀)တိတိဈေးတက်နေပြီး သံပုရာသီးများကို ပခုက္ကူဈေးကွက်မှတစ်ဆင့် မြို့ပေါ်ရှိ စားသောက်ဆိုင်များနှင့် ကုန်စိမ်းဈေးကွက်များသို့လည်း တင်ပို့ရောင်းချကြောင်း၊ ယခု အချိန်တွင် နွေရာသီကာလဖြစ်၍ ဖျော်ရည်အဖြစ် သောက်သုံးမှုများခြင်းကြောင့် ပိုမိုအရောင်းအဝယ် သွက်ကြောင်း ဈေးကွက်မှ သိရှိရပါသည်။
ထို့ကြောင့် သံပုရာပင်စိုက်ပျိုးသော တောင်သူများအနေဖြင့် စိုက်ပျိုးရာတွင်လွယ်ကူပြီး စိုက်ပျိုးစရိတ်လည်းသက်သာ၍ နှစ်ပတ်လည်ဝင်ငွေများရရှိသဖြင့် တစ်ပိုင်တစ်နိုင် ပိုမိုစိုက်ပျိုးမှု များကြောင်း သိရှိရပါသည်။
DOCA(မကွေး)
