၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ၊ မြို့တော်ဟိုချီမင်း၌ ကျင်းပ ပြုလုပ်ခဲ့ သည့် ဆွေးနွေးပွဲတစ်ခုတွင် သီဟိုဠ်စေ့ တင်ပို့မှုကဏ္ဍမှ စီးပွားရေးအဖွဲ့အစည်းများ အနေဖြင့် အကဲ ဖြတ်ဆန်းစစ်ချက်တစ်ခု ပြုလုပ်ခဲ့ကြသည်။ စီးပွားရေးအဖွဲ့အစည်းများ၏ ပြောကြားချက်အရ သီဟိုဠ်စေ့ ကုန်ကြမ်းအများစုကို ပြည်ပမှ တင်သွင်းရပြီး အဓိကအားဖြင့် အာဖရိကနိုင်ငံများမှ တင်သွင်းရကြောင်း၊ အာဖရိကနိုင်ငံအချို့သည် ရိတ်သိမ်းရာသီ အစပိုင်းတွင် ပြည်တွင်း ပြုပြင် ထုတ်လုပ်သူများထံ ဦးစားပေး ပံ့ပိုးနိုင်ရန်အတွက် အရည်အသွေး အကောင်းဆုံး သီဟိုဠ်စေ့ ကုန်ကြမ်း တင်ပို့မှုကို ယာယီပိတ်ပင်ထားကြောင်း သိရှိရသည်။
၎င်းတို့အနေဖြင့် အနည်းဆုံးတင်ပို့မှုဈေးနှုန်းကို သတ်မှတ်ပြီး သီဟိုဠ်စေ့ ကုန်ကြမ်း ပို့ကုန် များအပေါ် အခွန်နှင့် အခကြေးငွေများကိုလည်း တိုးမြှင့်ထားပါသည်။ အကျိုးဆက်အနေဖြင့် အာဖရိကနိုင်ငံများမှ သီဟိုဠ်စေ့ ကုန်ကြမ်း တင်သွင်းမှုသည် ပိုမိုခက်ခဲလာပြီး ကုန်ကျစရိတ်များ လည်း မြင့်တက်လာမည်ဟု မျှော်မှန်းထားပြီး ဗီယက်နမ်စီးပွားရေးလုပ်ငန်းများ၏ ထုတ်လုပ်မှုနှင့် လုပ်ငန်းစွမ်းဆောင်ရည်မှာ လျော့နည်းလာမည်ဖြစ်သည်။
ထို့ပြင် ကမ္ဘာအနှံ ဒေသများစွာတွင် ဖြစ်ပေါ်နေသော ပထဝီနိုင်ငံရေးဆိုင်ရာ တင်းမာမှုများ အထူးသဖြင့် အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် လောင်စာဆီဈေးနှုန်းများနှင့် ကုန်တင်ပို့ခများ ဆက်လက်မြင့်တက်နေသဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် စိန်ခေါ်မှုများစွာဖြင့် ရင်ဆိုင် နေရသည်။
တစ်ချိန်တည်းမှာပင် စီးပွားရေးအခက်အခဲများကြားမှ အမေရိကန်ပြည်ထောင်စု၊ ဥရောပနှင့် အရှေ့အလယ်ပိုင်းကဲ့သို့ အဓိကကျသောဈေးကွက်များတွင် သီဟိုဠ်စေ့လိုလားချက်သည် လျော့နည်း လာပြီး အကျဖက်သို့ ဦးတည်နေကြောင်း၊ အဆိုပါအခြေအနေများကို ဆန့်ကျင်လျက် ဗီယက်နမ် နိုင်ငံ သီဟိုဠ်စေ့ အသင်း (Vietnam Cashew Association - Vinacas) အနေဖြင့် ၂၀၂၆ ခုနှစ်တွင် သီဟိုဠ်စေ့ တန်ချိန် ၈၀၀,၀၀၀ ခန့်ကို တင်ပို့နိုင်ရန် ရည်မှန်းထားပြီး တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၅ ဘီလီယံ ရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။
အဆိုပါအသင်းသည် ဗီယက်နမ်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းများအား တန်ဖိုးမြင့် ထုတ်ကုန်များ ကို ပြုပြင်ထုတ်လုပ်ရာတွင် ရင်းနှီးမြှုပ်နှံမှုကို အလေးထားရန် လှုံ့ဆော်ကူညီပေးနေပြီး ကမ္ဘာ တစ်ဝန်းရှိ ဈေးကွက်မျိုးစုံနှင့် ပြည်တွင်းဈေးကွက်တို့၏ မတူကွဲပြားသော လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် ပံ့ပိုးပေးလျက်ရှိသည်။
ဗီယက်နမ်နိုင်ငံ သီဟိုဠ်စေ့အသင်း (Vinacas) သည် အဆိုပါအချက်အား မဟာဗျူဟာ မြောက် ဦးတည်ချက်တစ်ရပ်အဖြစ် ချမှတ်ပြီး စီးပွားရေးလုပ်ငန်းများအတွက် ရှောင်လွှဲမရသော ဖွံ့ဖြိုးမှု လမ်းကြောင်းသာမက ကမ္ဘာလုံးဆိုင်ရာ သီဟိုဠ်စေ့ တန်ဖိုးဆက်စပ်ကွင်းဆက်အတွင်း ဗီယက်နမ် သီဟိုဠ်စေ့လုပ်ငန်းကို ပြန်လည်အခြေတကျဖြစ်ပြီး နေရာမှန်ရောက်လာစေရန်အတွက် အရေးတကြီး လိုအပ်ချက်တစ်ရပ်လည်း ဖြစ်ကြောင်း ဖော်ပြထားသည်။ ဗီယက်နမ်နိုင်ငံ သီဟိုဠ်စေ့ အသင်းအဖွဲ့ (Vinacas) ၏ ပြောကြားချက်အရ ဗီယက်နမ်နိုင်ငံသည် လက်ရှိတွင် သီဟိုဠ်စေ့ ကုန်ကြမ်း၏ ကမ္ဘာ့အကြီးဆုံး တင်သွင်းသူနိုင်ငံဖြစ်ပြီး ကမ္ဘာတစ်ဝန်း တင်ပို့သော သီဟိုဠ်စေ့၏ ၈၀ ရာခိုင်နှုန်းအထိ ထောက်ပံပေးနေကြောင်း သိရသည်။
၂၀၂၅ ခုနှစ်တွင် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများသည် သီဟိုဠ်စေ့ကုန်ကြမ်း တန်ချိန် ၃.၁၂၂ မီလီယံထက်ကျော်သော ပမာဏကို တင်ပို့ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄.၆၆၇ ဘီလီယံကျော်ရှိကြောင်း၊ အာဖရိကနိုင်ငံများဖြစ်သော ကုတ်ဒီဗိုရီ (Côte d’Ivoire)၊ နိုင်ဂျီးရီးယား၊ ဂါနာ၊ တန်ဇန်းနီးယား၊ ဂူနီယာနှင့် ဘာကီနာဖာဆိုတို့သည် သီဟိုဠ်စေ့ ကုန်ကြမ်း အဓိက တင်သွင်း သည့်နိုင်ငံများဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပင် ၂၀၂၅ ခုနှစ်တွင် ဗီယက်နမ်၏ သီဟိုဠ်စေ့ စုစုပေါင်း တင်ပို့မှုဝင်ငွေသည် အမေရိကန်ဒေါ်လာ ၅.၄၃ ဘီလီယံကျော် ရှိခဲ့ပြီး ပမာဏအားဖြင့် ခန့်မှန်း ၇၉၈,၀၀၀ တန်ချိန်ရှိကြောင်း၊ ယင်းနှစ်သည် ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက တန်ဖိုးအားဖြင့် ၁၈% ကျော်၊ ပမာဏအားဖြင့် ၄.၂၃% တိုးတက်ခဲ့ကြောင်း၊ အဆိုပါနှစ်၏ စံနှုန်းသည် ဗီယက်နမ်နိုင်ငံ၏ သီဟိုဠ်စေ့ လုပ်ငန်းအတွက် မှတ်တမ်းသစ်တစ်ခုပင် ဖြစ်ကြောင်း သိရှိရပါသည်။
Source – Dong Thap, March 14, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
