
စံပယ်ပန်း၏ဖြူစင်သောအရောင်နှင့် မွှေးရနံ့တို့သည် ဆွဲဆောင်မှုရှိသည့်အတွက် စံပယ်ပန်းခင်းရှေ့မှ ဖြတ်သွားပါက မွှေးရနံ့က လူကိုမရပ်တန့်ဘဲ မနေနိုင်အောင် လှည့်ကြည့်မိကြပါသည်။ စံပယ်ပန်းများကို ရေလောင်းပေးပါက ရာသီမရွေးပွင့်တက်ပါသည်။ များသောအားဖြင့် နွေဦးပေါက်မှ မိုးနှောင်းပိုင်းအထိ ပွင့်တက်ပြီး နွေရာသီတွင် ရေများများလောင်းပါက အပွင့်များ လှပစွာပွင့်၍ မွှေးပျံ့သင်းကြိုင်နေပါသည်။ ယခုလို နွေရာသီတွင် စံပယ်ခင်းစိုက်ပျိုးသောသူများသည် ညနေ နေစောင်းပြီးအချိန်တွင် အဖူးလေးများအား ရေလောင်းပေးကြပါသည်။ အဖူးလေးများသည် ရေလောင်းသည့်အရှိန်ကြောင့် နံနက်စောစောတွင် အခင်းတစ်ခုလုံး ဖြူဖွေးလှပ၍ အနံ့များလည်း သင်းနေပါသည်။ စံပယ်ပန်းသည် နေရောင်ကို အလွန်နှစ်သက်၍ နေရောင်ကျသော နေရာများတွင် ပို၍ အပွင့်ကောင်းပြီး လှပစေပါသည်။ ညနေစောင်းတွင် အဖူးများခူးကြပြီး အုန်းတံများနှင့် သီ၍လည်းကောင်း၊ တစ်ချို့က နံနက်ခင်းအာရုဏ်ဦးအချိန်တွင် စံပယ်ပန်းပွင့်များအားခူးကြပြီး ဈေးကွက်သို့ ပို့ဆောင်ရောင်းချကြပါသည်။ စံပယ်ပန်းရောင်းသူသည် စံပယ်ပန်းများကို အဖူးတစ်မျိုး အပွင့်တစ်သွယ် အမျိုးမျိုးသီ ကာရောင်းချရာ စံပယ်ဖူးငါးဖူးကို တစ်တန်ထိုးကာ ၁၀ တန် ၅၀၀ ကျပ်နှင့် ဖောက်သည်ပေးရပါသည်။ အပွင့်က တစ်ကုံးတွင် အပွင့်(၇)ပွင့်ပါပြီး နှစ်ကုံးလျှင် ၅၀၀ ကျပ်ဖြင့် ဖောက်သည် ပေးရကြောင်း သိရှိရပါသည်။
စံပယ်ပန်းကို အလှူ၊ မင်္ဂလာဆောင်များ၌ အပွင့်များနှင့်အဖူးများအား အလှပန်းအဖြစ် အလှဆင်ကြပါသည်။ စံပယ်ပန်းရနံ့ကို ဆပ်ပြာများ၊ ရေမွှေးများ၊ အမွှေးတိုင်များအဖြစ် အမျိုးမျိုးထုတ်လုပ်ပြီး တံဆိပ်များကပ်ကာ နိုင်ငံခြားသို့ Export အဖြစ် တင်ပို့ခြင်း၊ စံပယ်လက်ဖက်ခြောက်အဖြစ်လည်း ထုတ်လုပ်တင်ပို့ကြပါသည်။ စံပယ်ပန်းလက်ဖက်ခြောက်သည် မွှေးပျံ့၍ အရသာအလွန်ကောင်းမွန်သောကြောင့် လူအများကြိုက်နှစ်သက်ကြကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)
