
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် မန်ကျည်းသီးအဝယ်ဒိုင်သို့ မန်ကျည်း သီးများ ပုံမှန်ဝင်ရောက်လျက်ရှိပြီး မန်ကျည်းသီးစျေးမြင့်တက်နေကြောင်း မန်ကျည်းသီးဝယ်ယူသူ တစ်ဦးထံမှ သိရသည်။ အညာဒေသတွင် မန်ကျည်းပင်များကို စိုက်ပျိုးခြင်းမရှိဘဲ အလေ့ကျ မန်ကျည်း ပင်များကို ယာပိုင်ရှင်၊ အိမ်ပိုင်ရှင်များကပြုပြင်ကာ အပွင့်ပွင့်၊ အသီးသီးရင့်မှည့်ချိန်တွင် မန်ကျည်းပင် အောက်၌ ပေါင်းမြက်ရှင်းလင်းကာ မန်ကျည်းသီးများ ဆွတ်ခူးပုတ်ယူရောင်းချလျက်ရှိပါသည်။
မြို့သစ်မြို့နယ်အတွင်း ကျေးလက်တောင်သူများသည် တောင်သူလုပ်ငန်းနားချိန်တွင် အလေ့ကျ မန်ကျည်းပင်များက မိသားစုတစ်ဖက်တစ်လှမ်းမှ ဝင်ငွေဖြည့်ဆည်းပေးနေသဖြင့် အလေ့ကျ ပဒေသာ ပင်ဖြစ်ကြောင်း၊ အသီးသီးပြီးလျှင်လည်း မန်ကျည်းကိုင်းများကိုခုတ်ကာ ထင်းအဖြစ်အသုံးပြုကြ ကြောင်းနှင့် မန်ကျည်းသီးပင်များအား တစ်သီး သီးပြီးတိုင်း အကိုင်း၊ အခက်များကိုခုတ်ပေးမှသာ မန်ကျည်းသီးပင်များ အညွန့်၊ အကိုင်း အထွက်သန်ကာ နောက်တစ်ကြိမ်ပြန်လည်အပွင့်ပွင့်၊အသီးသီး ချိန်တွင် မန်ကျည်းသီးများမှာ အလုံးထွားမည်ဖြစ်ကြောင်း ဒေသခံများထံမှ မေးမြန်းသိရှိရပါသည်။ မန်ကျည်းသီးကောက်ယူရောင်းချသော တောင်သူများအနေဖြင့် အဆင်ပြေလျက်ရှိပြီး ပွဲစားများ အနေဖြင့်လည်း မန်ကျည်းသီးများအား ဝယ်ယူ၍ သိုလှောင်ထားပါက အဆင်ပြေမည်ဖြစ်ကြောင်း၊ ယခုအချိန်တွင် မန်ကျည်းသီး (၁)ပိဿာလျှင် ကျပ်(၂၀၀၀-၂၇၀၀)ဖြင့် ဝယ်ယူရသည်ဟု မန်ကျည်းသီး ဝယ်ယူသူတစ်ဦး ထံမှသိရှိရပါသည်။ တောင်သူများအနေဖြင့်လည်း တနေကုန်ကောက်လျှင် ပိဿာချိန် (၃၀) ပိဿာဝန်းကျင် ရရှိသည့်အတွက် မိသားစုအတွက်လည်း တစ်ဖက်တစ်လှမ်းမှ ဝင်ငွေရရှိပါသည် ဟု မြို့သစ်မြို့နယ်မှ မန်ကျည်းသီးကောက်ယူ ရောင်းချနေသူ တစ်ဦးထံမှ မေးမြန်းသိရှိရပါသည်။
မြို့သစ်မြို့နယ်တွင် မန်ကျည်းပင်အမြောက်အမြားရှိကြပြီး မန်ကျည်းသီးမှည့်များစတင် ဆွတ်ခူး ရောင်းချချိန်တွင်(၁)ပိဿာလျှင် ကျပ် (၂၀၀၀) ဖြင့် စတင်ရောင်းချခဲ့ရာမှ မန်ကျည်းသီးများ လှိုင်လှိုင် ပေါ်ချိန်တွင် (၁) ပိဿာလျှင် ကျပ်(၂၇၀၀) ဖြင့် ရောင်းချရသောကြောင့် မန်ကျည်းသီးရောင်းချသူများ မှာ အဆင်ပြေလျက်ရှိကြောင်းသိရှိရပါသည်။
DOCA(မကွေး)
