
အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများနှင့် တရုတ်နိုင်ငံ၏ မြေသြဇာတင်ပို့မှု ကန့်သတ်ချက် များကြောင့် နွေရာသီစိုက်ပျိုးချိန်အမီ မြေသြဇာပြတ်လပ်မည့် အန္တရာယ်ကို ကြိုတင်ကာကွယ်ရန်အတွက် ကမ္ဘာ့အဓိက မြေသြဇာတင်သွင်းသူဖြစ်သော အိန္ဒိယနိုင်ငံသည် ရုရှား၊ ဘီလာရုစ်နှင့် မော်ရိုကိုနိုင်ငံတို့ထံမှ မြေသြဇာပိုမိုဝယ်ယူရန် ဆွေးနွေးလျက်ရှိကြောင်း အစိုးရနှင့် စက်မှုလုပ်ငန်းဆိုင်ရာ သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကအားထားရသော အိန္ဒိယနိုင်ငံသည် ယူရီးယား (Urea)၊ DAP (Diammonium Phosphate) နှင့် ပိုတက်ရှ် (Muriate of Potash) ကဲ့သို့သော ဓာတ်မြေသြဇာများအပြင် ယူရီးယားထုတ်လုပ်ရာတွင် အဓိကကုန်ကြမ်းဖြစ်သည့် သဘာဝဓာတ်ငွေ့ရည် (LNG) ကိုလည်း ပြည်ပမှ တင်သွင်းနေရသည်။ "အိန္ဒိယနိုင်ငံ၏ DAP နှင့် ယူရီးယား မြေသြဇာတင်သွင်းမှု စုစုပေါင်း၏ ထက်ဝက်ခန့်မှာ အရှေ့အလယ်ပိုင်းဒေသမှဖြစ်ပြီး ဆော်ဒီအာရေးဗီးယားသည် DAP အများဆုံး တင်သွင်းရာနိုင်ငံဖြစ်ကာ အိုမန်မှာမူ ယူရီးယား အများဆုံးတင်သွင်းရာနိုင်ငံဖြစ်သည်။ အိန္ဒိယကုမ္ပဏီများသည် ၎င်းတို့၏ လိုအပ်ချက်အရ မြေသြဇာများကို တစ်ဦးချင်း တင်သွင်းကြသော်လည်း ပြည်ပရောင်းချသူများနှင့် ညှိနှိုင်းရာတွင်မူ စုပေါင်း၍ ဆောင်ရွက်ကြသည်။ အကြောင်းမှာ ဤကဏ္ဍသည် အစိုးရ၏ တင်းကျပ်သော ထိန်းချုပ်မှုအောက်တွင် ရှိနေပြီး တောင်သူများထံ လက်လီပြန်လည်ရောင်းချရာတွင်လည်း အစိုးရက စိုက်ထုတ်သုံးစွဲမှု (Subsidy) ပေးထားသောကြောင့် ဖြစ်သည်။ အိန္ဒိယနိုင်ငံသည် မြေသြဇာတင်သွင်းမှုနှင့် ပတ်သက်၍ နည်းလမ်းမျိုးစုံဖြင့် ချဉ်းကပ်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Randhir Jaiswal က ပြောကြားခဲ့သည်။ မြေသြဇာဌာန (Department of Fertilizers) က တင်ဒါများ ခေါ်ယူထားပြီးဖြစ်ရာ စိတ်ဝင်စားမှုများစွာ ရရှိထားကြောင်း ပြောရေးဆိုခွင့်ရှိသူ Jaiswal က ပြောကြားခဲ့သည်။ အစိုးရ၏ နောက်ဆုံးထုတ်ပြန်ချက်များအရ အိန္ဒိယနိုင်ငံတွင် မြေသြဇာလက်ကျန် ပိုမိုများပြားနေပြီး ယူရီးယားလက်ကျန်မှာ ယခင် နှစ်ထက် ၁၀.၇ ရာခိုင်နှုန်းနှင့် DAP လက်ကျန်မှာ ၁၀၅ ရာခိုင်နှုန်းအထိ မြင့်တက်နေကြောင်း သိရှိရပါသည်။
Source : Reuters
DOCA(ရန်ကုန်)
