
အာရှနှင့် ပစိဖိတ်ဒေသအတွက် အာဂျင်တီးနား ကုန်သွယ်ရေးနှင့် စက်မှုလက်မှု အသင်းချုပ်သည် အာဂျင်တီးနားနိုင်ငံဆိုင်ရာဗီယက်နမ် သံရုံးနှင့် ကုန်သွယ်ရေးရုံးတို့နှင့် ပူးပေါင်းကာ မတ်လ ၁၁ ရက်နေ့တွင် နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက် မှု အလားအလာများကို ဆွေးနွေးသည့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ပြီး အာဂျင်တီးနား စီးပွားရေးလုပ်ငန်းများ အများအပြား ပါဝင်တက်ရောက်ခဲ့ကြောင်း သိရပါသည်။ အဆိုပါ အခမ်းအနားတွင် ဗီယက်နမ် သံအမတ်ကြီး Ngo Minh Nguyet က ဗီယက်နမ်နိုင်ငံသည် လက်ရှိတွင် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို ဦးစားပေးဆောင်ရွက်နေသည့်အပြင် အစိမ်းရောင် နှင့် စက်ဝန်းပုံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆီမီးကွန်ဒတ်တာနှင့် ချစ်ပ်လုပ်ငန်းများ ဖွံ့ဖြိုးရေးတို့ကို အလေးထားလုပ်ဆောင်နေကြောင်း၊ ထို့အပြင် အဆင့်မြင့်နည်းပညာ၊ ပြည့်ဖြိုးမြဲ စွမ်းအင်၊ အခြေခံအဆောက်အအုံ၊ ထောက်ပံ့ပို့ဆောင်ရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများကို လည်း အဓိကအာရုံစိုက် ဆောင်ရွက်နေပြီး ၂၀၄၅ ခုနှစ်တွင် ဖွံ့ဖြိုးပြီး နိုင်ငံတစ်နိုင်ငံ ဖြစ်လာရန် ရည်မှန်းထားကြောင်း၊ တောင်အမေရိကနှင့် ဆက်ဆံရေးအပေါ် သုံးသပ်ရာတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ဗီယက်နမ်နှင့် MERCOSUR တောင်အမေရိက စီးပွားရေးမိတ်ဖက်အဖွဲ့အကြား Preferential Trade Agreement (PTA) ဆွေးနွေးမှုများ စတင်ကြောင်း ကြေညာခဲ့ပြီး အဆိုပါ သဘောတူညီချက်ကို မကြာမီလက်မှတ်ရေးထိုးနိုင်မည်ဟု မျှော်လင့်ကြောင်း၊ ထိုသို့ လက်မှတ် ရေးထိုးနိုင်ပါက ဗီယက်နမ်နှင့် အာဂျင်တီးနားအပါအဝင် MERCOSUR အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်လာမည် ဖြစ်ကြောင်း၊ ဗီယက်နမ်နှင့် အာဂျင်တီးနားတို့၏ နှစ်နိုင်ငံ အခွန်နှစ်ထပ်မကောက်ခံရေး သဘောတူညီချက် (Double Taxation Avoidance Agreement) ဆွေးနွေးမှုများမှာ ယခုနှစ် ဇန်နဝါရီလတွင် လုပ်ငန်းစဉ်အဆုံးသတ်အဆင့်သို့ ရောက်ရှိလာခဲ့ပြီး ယခုနှစ်အတွင်း လက်မှတ်ရေးထိုးနိုင်မည်ဟု မျှော်လင့်ကြောင်းနှင့် နှစ်နိုင်ငံသည် ဂြိုဟ်တုကဏ္ဍတွင်လည်း ပူးပေါင်းဆောင်ရွက်မှု စတင်ထားပြီး အာဂျင်တီးနားဘက်မှ ဗီယက်နမ်နိုင်ငံကို အရှေ့တောင်အာရှဒေသအတွက် ဂြိုဟ်တုပုံရိပ်နှင့် ဒေတာ လက်ခံစင်တာအဖြစ် အသုံးပြုရန် အဆိုပြုထားကြောင်းလည်း ပြောကြားခဲ့ပါသည်။ စိုက်ပျိုးရေး၊ အီလက်ထရွန် နစ်၊ အထည်အလိပ်နှင့် ဖိနပ်ကဏ္ဍများကဲ့သို့ အစဉ်အလာပူးပေါင်းဆောင်ရွက်မှုများအပြင် အာဂျင်တီးနားတွင် အလားအလာရှိသည့် အဆင့်မြင့်နည်းပညာ၊ ပြည့်ဖြိုးမြဲစွမ်းအင်၊ ဇီဝနည်းပညာ၊ ကျန်းမာရေးနှင့် ဆေးဝါးကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့လိုကြောင်း သံအမတ်ကြီးက ပြောကြားခဲ့ပြီး စိုက်ပျိုးရေး–စက်မှု ပူးပေါင်းဆောင်ရွက်မှုတွင် မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး တည်ဆောက်သင့်ကြောင်း အကြံပြုခဲ့ပါသည်။ အာရှနှင့် ပစိဖိတ် ဒေသအတွက် အာဂျင်တီးနား ကုန်သွယ်ရေးနှင့် စက်မှုလက်မှုအသင်းချုပ်အောက်ရှိ အာရှဆိုင်ရာ အသင်းချုပ် ဥက္ကဋ္ဌ Rallys Pliauzer က မကြာသေးမီနှစ်များအတွင်း ဗီယက်နမ်နိုင်ငံ၏ စီးပွားရေး တိုးတက်မှုများကို ချီးကျူးပြောကြားခဲ့ပြီး နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းများ၏ ကြိုးပမ်းမှုကြောင့် ကုန်သွယ်ရေးပမာဏသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော်အထိ ရောက်ရှိလာကြောင်း ပြောကြားခဲ့ပါသည်။ ယခုအခါ ဗီယက်နမ်သည် အာဂျင်တီးနား၏ ခြောက်ခုမြောက် အကြီးမားဆုံးကုန်သွယ်ဖက် နိုင်ငံဖြစ်လာပြီး အာဂျင်တီးနားသည် ဗီယက်နမ်အတွက် လက်တင် အမေရိကဒေသတွင် တတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ကြောင်း သိရပါသည်။ အလုပ်ရုံဆွေးနွေးပွဲအတွင်း ဗီယက်နမ် ကုန်သွယ်ရေးရုံး အကြီးအကဲ Ngo Manh Khoi က နှစ်နိုင်ငံ ကုန်သွယ်ရေးဆက်ဆံမှု အခြေအနေများ၊ ဗီယက်နမ်၏ စီးပွားရေးဝန်းကျင်နှင့် အာဂျင်တီးနား ဈေးကွက်တွင် အလားအလာကောင်းသော ဗီယက်နမ်ထုတ်ကုန်များအကြောင်း မိတ်ဆက်တင်ပြခဲ့ပါသည်။ ထို့အပြင် အာဂျင်တီးနား စီးပွားရေးလုပ်ငန်းများကို ၂၀၂၆ ခုနှစ်တွင် ဗီယက်နမ်တွင် ကျင်းပမည့် Vietnam International Sourcing 2026 နှင့် Foodexpo 2026 ကဲ့သို့ အရေးပါသော ကုန်စည်ပြပွဲများတွင် ပါဝင်တက်ရောက်ရန် ဖိတ်ခေါ်ခဲ့ပြီး နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းများအတွက် သင့်လျော်သော မိတ်ဖက်များ ရှာဖွေရေးနှင့် ချိတ်ဆက်ပေးရန် ဆက်လက် ကူညီပံ့ပိုးသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Vietnam Plus
DOCA (ရန်ကုန်)
