
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဇူလိုင်လမှ ဖေဖော်ဝါရီလအတွင်း ပါကစ္စတန်နိုင်ငံ၏ စားသောက်ကုန် သွင်းကုန်စရိတ်သည် ယခင်နှစ်ကာလတူရှိ အမေရိကန်ဒေါ်လာ ၅.၄၁၃ ဘီလီယံ မှ ၁၈.၄၁ ရာခိုင်နှုန်း မြင့်တက်ကာ ဒေါ်လာ ၆.၄၁၀ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း သိရပါသည်။ အဆိုပါ မြင့်တက်ခြင်းသည် အဓိကအားဖြင့် သကြားနှင့် စားသုံးဆီတင်သွင်းမှု ပိုမိုများပြားလာခြင်းကြောင့်ဖြစ်ကြောင်း သိရပါသည်။ ဆန့်ကျင်ဘက်အနေဖြင့် ၂၀၂၆ ဘဏ္ဍာနှစ် ပထမ ၈ လအတွင်း ကုန်ကြမ်းစားသောက်ကုန်များ ပြည်ပတင်ပို့မှုမှာ ၃၄.၃၈ ရာခိုင်နှုန်းအထိ ထိုးဆင်းသွားခဲ့ကြောင်းနှင့် ယခင်နှစ်အလားတူကာလတွင် တင်ပို့မှုမှရရှိခဲ့သော အမေရိကန် ဒေါ်လာ ၅.၁၇၃ ဘီလီယံမှ ယခုအခါ တင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၃.၃၉၄ ဘီလီယံသာရရှိခဲ့ကြောင်း သိရပါသည်။ အသားတင်ပို့မှုမှလွဲ၍ ကျန်စားသောက်ကုန် အမျိုးအစားအများစုတွင် တင်ပို့မှုပမာဏ လျော့ကျသွားခဲ့ကြောင်း သိရပါသည်။ အထူးသဖြင့် ဘက်စမာတီနှင့် အခြားဆန် အမျိုးအစားများအပါအဝင် ဆန်တင်ပို့မှုတွင် အသိသာဆုံး လျော့နည်းသွားကြောင်း သိရပါသည်။
စားသောက်ကုန်သွင်းကုန် မြင့်တက်လာခြင်းမှာ အထူးသဖြင့် ပဲမျိုးစုံအပါအဝင် ပြည်တွင်းထုတ်လုပ်မှု လိုအပ်ချက်များနှင့် ထောက်ပံ့မှု အခက်အခဲများကြောင့် ပြင်ပမှတင်သွင်းမှုအပေါ် ပိုမိုမှီခိုလာရခြင်းကြောင့်ဖြစ်ကြောင်း သိရပါသည်။ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် သကြား၊ စားသုံးဆီနှင့် လက်ဖက်ခြောက်တို့ကို ပိုမိုဝယ်ယူခဲ့ရခြင်းက သွင်းကုန်စရိတ် မြင့်တက်စေသည့် အဓိကအကြောင်းရင်း ဖြစ်ကြောင်း သိရပါသည်။ ပါကစ္စတန်နိုင်ငံ စာရင်းအင်းဗျူရိုမှ ထုတ်ပြန်သည့် အချက်အလက်များအရ တင်သွင်းသည့် စားသောက်ကုန်များတွင် စားအုန်းဆီသည် ဝေစုအများဆုံးဖြစ်ပြီး၊ ၎င်းနောက်တွင် ပဲမျိုးစုံ၊ လက်ဖက်ခြောက်၊ ပဲပုပ်ဆီနှင့် သကြားတို့က အစဉ်လိုက်ရပ်တည်နေကြောင်း သိရပါသည်။ ပါကစ္စတန်နိုင်ငံသည် ၂၀၂၆ ဘဏ္ဍာနှစ် ပထမ ၈ လအတွင်း သကြားတန်ချိန် ၃၀၈,၈၈၇ တင်သွင်းခဲ့ပြီး၊ ယခင်နှစ် ကာလတူတွင် ၂၅၂၈ တန်သာ တင်သွင်းခဲ့ရာမှ ၁၂၁၁၈.၆၁ ရာခိုင်နှုန်းအထိ စံချိန်တင်မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ တန်ဖိုးအားဖြင့်ဆိုလျှင်လည်း သကြားသွင်းကုန်သည် ယခင် နှစ်က အမေရိကန်ဒေါ်လာ ၂.၄၅၁ သန်းသာရှိရာမှ ယခုနှစ်တွင် ၇,၀၂၈.၂၅ ရာခိုင်နှုန်း မြင့်တက်ကာ အမေရိကန်ဒေါ်လာ ၁၇၄.၇၁၃ သန်းအထိ ရှိလာကြောင်း သိရပါသည်။
ပြည်တွင်းသကြား ပြတ်လပ်မှုကို ဖြေရှင်းရန်နှင့် ဈေးကွက်ပေါက်ဈေး တည်ငြိမ်စေရန် အစိုးရက သကြားတင်သွင်းမှုကို ခွင့်ပြုပေးခဲ့ခြင်းကြောင့် ယခုကဲ့သို့ သိသိသာသာ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရပါသည်။
ဇူလိုင်လမှ ဖေဖော်ဝါရီလအထိ စားအုန်းဆီ တင်သွင်းမှုတန်ဖိုးမှာ ယခင်နှစ်က အမေရိကန်ဒေါ်လာ ၂.၂၅၁ ဘီလီယံ ရှိခဲ့ရာမှ ၂၁.၅၃ ရာခိုင်နှုန်းမြင့်တက်ကာ အမေရိကန် ဒေါ်လာ ၂.၇၃၄ ဘီလီယံအထိ ရှိလာခဲ့ကြောင်း သိရပါသည်။ ပမာဏအားဖြင့်ဆိုလျှင် စားအုန်းဆီတင်သွင်းမှုသည် ယခင်နှစ်ကာလတူရှိ တန်ချိန် ၂.၂၁၀ သန်းတန်မှ ၂.၅၄၁ သန်းတန်အထိ ၁၄.၉၅ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း သိရပါသည်။ ပဲမျိုးစုံ တင်သွင်းမှုမှာမူ ယခင် နှစ်က အမေရိကန်ဒေါ်လာ ၆၃၀.၀၁၉ သန်း ရှိခဲ့ရာမှ ၂၁.၈၉ ရာခိုင်နှုန်း လျော့ကျကာ အမေရိကန်ဒေါ်လာ ၄၉၂.၀၉၅ သန်းသာရှိတော့ကြောင်း သိရပါသည်။ ပဲပုပ်ဆီ တင်သွင်းမှုတန်ဖိုးသည်လည်း ၂၀၂၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၂၀၁.၃၅၂ သန်း ရှိခဲ့ရာမှ ၄၇.၁၇ ရာခိုင်နှုန်း ထိုးဆင်းသွားပြီး အမေရိကန်ဒေါ်လာ ၁၀၆.၃၇၂ သန်းသာရှိခဲ့ကြောင်း သိရပါသည်။ အခြားသော စားသောက်ကုန်များအတွက် သွင်းကုန်စရိတ်မှာလည်း ၂၀၂၆ ဘဏ္ဍာနှစ် ပထမ ၈ လတွင် ယခင်နှစ်က အမေရိကန်ဒေါ်လာ ၁.၄၅၃ ဘီလီယံမှ ၃၈.၀၇ ရာခိုင်နှုန်း မြင့်တက်ကာ အမေရိကန်ဒေါ်လာ ၂.၀၀၆ ဘီလီယံအထိ ရှိလာခဲ့ကြောင်း သိရပါသည်။ (လက်ဖက်ခြောက်ကဲ့သို့သော) အချို့သွင်းကုန် တန်ဖိုးများမှာလည်း အမေရိကန်ဒေါ်လာ ၄၁၈.၂၅၉ သန်းမှ ၄.၇၂ ရာခိုင်နှုန်းမြင့်တက်ကာ အမေရိကန်ဒေါ်လာ ၄၃၇.၉၈၅ သန်းအထိရှိလာကြောင်း သိရှိရပါသည်။
နို့၊ ခရင်မ်နှင့် နို့စို့ကလေးငယ်များအတွက် အာဟာရဖြည့်နို့မှုန့်များ တင်သွင်းမှုမှာ ဘတ်ဂျက်တွင် အခွန်အသစ်များ ကောက်ခံခဲ့သော်လည်း ဇူလိုင်မှ ဖေဖော်ဝါရီလအတွင်း ၃.၆၃ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး၊ ယခင်နှစ်က အမေရိကန်ဒေါ်လာ ၉၁.၁၀၅ သန်းမှ အမေရိကန်ဒေါ်လာ ၉၄.၄၀၈ သန်းအထိ ရှိလာခဲ့ကြောင်း သိရှိရပါသည်။
Source: Dawn
DOCA (ရန်ကုန်)
