
သခွားသီးကို ရေရရှိသောဒေသများတွင် တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ပြီး အဓိကအားဖြင့် ရာသီဥတုနှစ်မျိုးကို အခြေခံပြီးစိုက်ပျိုးကြပါသည်။ မိုးသခွားကို မိုးဦးကျချိန်မေလမှ ဇွန်လလောက် အထိစိုက်ပျိုးကြပြီး မိုးရေကိုအားပြုနိုင်သောကြောင့် ရေသွင်းစရာမလိုဘဲစိုက်ပျိုးနိုင်ပါသည်။ ဆောင်းသခွားကို စက်တင်ဘာလမှအောက်တိုဘာလအထိစိုက်ပျိုးကြပြီး ဆောင်းရာသီ အအေးဒဏ် ကိုခံနိုင်သော သခွားမျိုးများကိုသာ ရွေးချယ်စိုက်ပျိုးကြပါသည်။
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဝတီးအုပ်စု၊ ညောင်ပင်ကျေးရွာတွင် သခွားပင်များ စီးပွားဖြစ်စိုက်ပျိုးလျက်ရှိနေကာ ဒေသခံတောင်သူများက အုတ်တွင်းမြို့ပေါ်နှင့် တောင်ငူမြို့ပေါ်ရှိကုန်စိမ်းပွဲရုံများသို့ သခွားသီးများတင်ပို့ရောင်းချလျက်ရှိနေပါသည်။ ပွဲရုံဈေး အဖြစ် သခွားသီး ၁ ပိဿာလျှင် ၃၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိနေပြီး ယခုမတ်လတွင် သခွားသီး များ အရောင်းသွက်လျက်ရှိကြောင်းသိရသည်။
DOCA(ပဲခူး)
